မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အကြည်ပန်းပလွန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက မေ ၉ ရက်၊ နေ့လယ် ၁၁ နာရီအချိန်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ၂၅ ဦးခန့်သေဆုံးပြီး ၅၀ ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်း၌ တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ကားသမားများ၊ ကျေးရွာသူကျေးရွာသားများ အစည်းအဝေးလုပ်နေစဥ် စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးသီးနှစ်လုံးအပြင် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ ဘုန်းကြီးကျောင်းတစ်ကျောင်းလုံး မီးလောင်သွားတယ်။ ရွာက ကျောင်းထိုင်ဘုန်းကြီးလည်းထိထားတယ်။ (၂၅)ယောက်လောက်သေတယ်လို့ပြောတယ်။ အလောင်းတွေတော့ အတိအကျကောက်လို့မရသေးဘူး။ ထိခိုက်ဒဏ်ရာရတာက (၄၀)ကျော် (၅၀)လောက်ရှိမယ်” ဟု အကြည်ပန်းပလွန်းရွာဒေသခံ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
လေကြောင်းတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်းသည် အကြည်ပန်းပလွန်းရွာ၏အရှေ့၊ ကားလမ်းတစ်ဘက်ခြမ်းတွင် တည်ရှိသောကြောင့် ကျေးရွာမှနေအိမ်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းသိရသည်။
“ ဒလန်(စကစသတင်းပေး)ကြောင့်လို့ထင်တာပါ့။ အစည်းအဝေးလုပ်မှာ သေချာသိပြီး၊ ဘုန်းကြီးကျောင်းကိုပဲပစ်သွားတာ။ မနေ့ကဆို ဖုန်းလိုင်းတွေဖြတ်ထားတာ။ ဒီနေ့လေကြောင်းတိုက်ပြီးမှ ဖုန်းလိုင်းနည်းနည်းပြန်ရတာ” ဟု အကြည်ပန်းပလွန်းရွာအနီးရှိ အညာပန်းပလွန်းရွာဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဒေါက်တာကြည်စိုးထွန်းထံသို့ MPA က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။