စမတ်ကတ် (Unique Identity Number – UID) ပြုလုပ်ရာတွင် မြ၀တီမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးကျော်စိုးထွန်းက စမတ်ကတ်ပြုလုပ်သူ တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲထိ တောင်းခံနေကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁ရက်မှစတင်ကာ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ကူးရာတွင် UID ရှိမှသာ ကူးနိုင်တော့မည်ဖြစ်သဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့်သူများသည် UID ကတ်များကို ပြုလုပ်နေရခြင်းဖြစ်သည်။
“ ဧပြီလမှာတုန်းက ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်-၁က တစ်ပတ်လောက်ပိတ်လိုက်သေးတယ်။ ဧပြီ ၂၈ ရက်မှာတော့ တံတားပြန်ဖွင့်ပြီး မေ ၁ရက်နေ့မှာ UID ကတ်ပါမှ မဲဆောက်ဘက်ကူးလို့ရမယ်ဆိုပြီး ကန့်သတ်လိုက်တာ” ဟု မြ၀တီမြို့နယ်၊ ချစ်ကြည်ရေးတံတား အမှတ်-၁ အနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။
ထိုကဲ့သို့ UIDကတ်ပြုလုပ်ရန်အတွက် ပွဲစားဖြင့်ပြုလုပ်ပါက ကုန်ကျငွေသည် ကျပ် ၅၀၀၀၀ဖြစ်ပြီး၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထွန်းကိုပေးရသည့် ကုန်ကျစရိတ်ပါတွက်ပါက တစ်ဦးလျှင် ကျပ် နှစ်သိန်းခန့် ကုန်ကျနေကြောင်း ၎င်းက ရှင်းပြသည်။
“ မေ ၇ရက်တုန်းက မြ၀တီကို ကိစ္စတစ်ခုနဲ့ သွားတာ၊ အလုပ်သမားစာအုပ်(ပန်းရောင်ကတ်)နဲ့ပဲ မြန်မာပြည်ကို ပြန်လာတာ၊ အကုန်အဆင်ပြေတယ်။ ထိုင်းဘက်ကို ပြန်ဝင်ဖို့ လုပ်တဲ့အချိန်မှာ UID ကတ်ပြခိုင်းတယ်။ ညီမ မြ၀တီကို ပြန်ဝင်တော့ မှတ်ပုံတင်နဲ့ပဲဝင်လာတာ၊ UID ကတ်မရှိဘူးဆိုတော့ ကတ်လုပ်လိုက်ရတယ်။ UID ကတ်ကို လျှောက်ထားပြီးသားပါဆိုတဲ့ အထောက်အထားစာရွက်ပဲ ရခဲ့တာ” ဟု UID ကတ် ပြုလုပ်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဦးစီးမှူး ဦးကျော်စိုးထွန်းကို ပိုက်ဆံပေးရန်အတွက် ဒုလ၀က ဦးစီးမှူးက UID ကတ်ပြုလုပ်မည့်သူများကို စာအိတ်ဖြင့် ပိုက်ဆံထည့်ပေးရန် လိုက်လံပြောဆိုခြင်းဖြစ်ပြီး၊ ကတ်ပြုလုပ်ရာတွင် နားမလည်သဖြင့် မေးမြန်းသူများကို ဦးကျော်စိုးထွန်းက ဆဲဆိုမှုများရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိတွင် UID ကတ်ပြုလုပ်ရာ၌ အမြန်ကြေးဟု သတ်မှတ်ထားခြင်းများရှိသကဲ့သို့ လူမျိုးခြားဆိုပါက သတ်မှတ်စျေးထက် ပိုမိုပေးဆောင်ရကြောင်းနှင့် ပွဲစားမပါလျှင် ကတ်လျှောက်ထားရန် ခက်ခဲသည့်အပြင် UID ကတ်ပြုလုပ်သူ များထံမှ ငွေကြေးတောင်ခံ၍ရသည်ဟု ဦးကျော်စိုးထွန်းက ဝန်ထမ်းများကို ညွှန်ကြားထားကြောင်း လ၀ကရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
UID ကတ်ပြုလုပ်ရာတွင် သက်ဆိုင်ရာ လ၀ကရုံးများက လိုအပ်သည့်အချက်အလက်များဖြည့်၍ အခမဲ့လျှောက်ထားနိုင်သည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း လက်ရှိတွင် ဝန်ထမ်းများက ငွေကြေးတောင်းခံမှုများကို ပြုလုပ်နေခြင်းလည်းဖြစ်သည်။