မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်၏ ညီမ ဖွင့်လှစ်နေသော လောင်းကစားရုံကို ရပ်ရွာလူထုကြား ကန့်ကွက်မှုများ ရှိလာသဖြင့် နေရာပြောင်း ဖွင့်လှစ်လိုက် ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၊ သက္ကောရွာ အထက်တန်းကျောင်းအနီးတွင် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီး ချုပ်၏ ညီမဝမ်းကွဲဖြစ်သူ ခင်ပန်း ဖွင့်လှစ်နေသော လောင်းကစားရုံကို ယခုလဆန်းပိုင်း၌ ကတောင် စိန်ရွာ ရော်ဘာခြံထဲသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း ချောင်းဆုံဒေသခံတို့ထံက သိရသည်။
“သက္ကောမှာ စာသင်ကျောင်းနား ဖွင့်နေတာ နှစ်ချီကြာနေပြီ။ရွာကလူတွေက မကျေမနပ်ဖြစ်နေတာ လည်း ကြာပြီ။ဝန်ကြီးချုပ်ညီမဖွင့်တာဆိုတော့ ဗြောင်တော့ ဘယ်ကန့်ကွက်ရဲမလဲ။အခု သက္ကောရပ် မိရပ်ဖလူကြီးတွေက ဝန်ကြီးချုပ်ကို မေတ္တာရပ်ခံလို့ နေရာပြောင်းပေးတာ” ဟု ချောင်းဆုံမြို့ အုပ်ချုပ် ရေးဝန်ထမ်းတစ်ဦးက MPAသို့ ပြောသည်။
ကတောင်စိန်ရွာ ရော်ဘာခြံထဲတွင် ဝါးတဲများ အခိုင်အမာ ဆောက်လုပ်ကာ ဖွင့်လှစ်နေခြင်းဖြစ်ပြီး မော်လမြိုင်ဘက်ခြမ်းက လာကစားကြသူများ ပိုအကြိုက်တွေ့ကြကြောင်း ချောင်းဆုံမြို့၊ဘုရားကြီး ကုန်းနေ ပြည်သူတစ်ဦးကပြောသည်။
“ကတောင်စိန်ကျတော့ မော်လမြိုင်နဲ့ ပိုနီးသွားတယ်လေ။ တံတားကနေ ကားနဲ့ အလွန်ဆုံး ခုနှစ် မိနစ်လောက်မောင်းရင် ရောက်ပြီ။အရင် သက္ကောထက် ပိုနီးသွားတော့ တခြားမြို့က လောင်းကစား သမားတွေ ပိုကြိုက်ကြတယ်” ဟု ၎င်းကပြောသည်။
ချောင်းဆုံလောင်းကစားရုံသို့ မော်လမြိုင်၊ပေါင်၊မုဒုံ၊သံဖြူဇရပ် စသည့် အနီးမြို့များမှ လက်ကြီး လောင်းကစားသမားများ ပုံမှန် လာကစားကြကြောင်း သိရသည်။
“ကမ္ဘာပတ်လိမ်နေတဲ့ ကျားဖြန် အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ စစ်တပ်က ဘာကောင်ညာကောင်တွေ ဝင် ပတ်သက်နေတာဆိုတော့ ကျတော်တို့ မွန်ဝန်ကြီးချုပ်လည်း ညီမနဲ့ပေါင်းပြီး လောင်းကစားရုံဖွင့်ထား တာ ဘာဆန်းသလဲ” ဟု ချောင်းဆုံမြို့ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းလောင်းကစားရုံကို ခင်ပန်းက ကန်ထရိုက်ယူကာ မွန်ဝန်ကြီးချုပ်အောင်ကြည်သိန်း၏ တပည့် များဖြစ်သော ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း၊ချောင်းဆုံ စရဖတာဝန်ခံ(စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့) တပ်ကြပ်ဖြိုးမင်းထွန်းနှင့် ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မျိုးဝင်း (ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ)တို့က တာဝန်ယူ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ချောင်းဆုံ မြို့ အုပ်ချုပ်ရေးဝန်ထမ်းက ဆိုသည်။
“သက္ကောမှာ ဖွင့်တုန်းက သက္ကောအုပ်ကြီး စံခင်တောင် အဲဒီလောင်းကစားရုံကနေ တစ်ရက်ကို လိုင်းကြေး တစ်သိန်းကနေ ငါးသိန်းလောက်အထိ ရတယ်ဆိုတော့ တခြားလူတွေ ဘယ်လောက်ရမ လဲ စဉ်းစားသာ ကြည့်တော့” ဟု ၎င်းက ဆက်လက်ပြောသည်။
လောင်းကစားရုံတွင် အနီထောင်၊ဖဲ၊ဂလုတ် ဂလုတ်နှင့် ကြက်ဝိုင်းတို့ ရှိပြီး အရက်၊ဘီယာရသော စားသောက်ဆိုင်တို့အပြင် ဆိုင်ကယ်နှင့်ကား အပေါင်ခံနိုင်သည့် အပေါင်ဆိုင်လည်း အဆင်သင့် ရှိကြောင်း သိရသည်။
၂၀၂၃ခုနှစ် ပွင့်လင်းရာသီမှစ၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာများတွင် ဘာသာရေးဆိုင်ရာ ခေါင်း စဉ်အမျိုးမျိုးတပ်ကာ ညဘက် ဗလာဇာတ်ပွဲသွင်းပြီး ပွဲခင်း၌ လောင်းကစားဝိုင်း ဖွင့်လှစ်ကြကြောင်း ယင်းပွဲခင်းလောင်းကစားဝိုင်းများကိုလည်း ခင်ပန်းကသာ ကန်ထရိုက်ယူထားကြောင်း သိရသည်။