မြန်မာသက္ကရာဇ် ၁၃၈၆ ခု၊ တန်ခူးလပြည့်ကျော် (၇)ရက်၊ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ခန္ဓာချုပ်ငြိမ်းတော်မူသော မဟာဗောဓိမြိုင် ဆရာတော်ဘုရားအား ဆရာတော်ဘုရားကြီးကိုယ်တိုင် ရေးခဲ့သော သေတမ်းစာအရနှင့် တာဝန်ရှိတပည့်သာဝကတို့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ ဆရာတော်ဘုရားကြီး၏ ကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား မီးမပူဇော်ဘဲ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့်သာဝကများထံမှ သိရသည်။
“အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆရာတော်ရဲ့ ရွှေနှစ်တောရမှာ ရေထားခဲ့တဲ့ သေတမ်းစာအရ ဆရာတော်ဘုရားကြီးကို မီးမပူဇော်ဘဲ အများသူငှာ အပူဇော်ခံဖို့ထားမှာပါ” ဟု ဆရာတော်၏ တပည့်တစ်ဦးဖြစ်သူ ရှင်ရဌပါလက မိန့်သည်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဘုရားကြီးအား မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းကျေးရွာတွင် အဘ ဦးဘစံ၊ အမိ ဒေါ်မေ တို့မှ ဖွားမြင်ပြီး ပျံလွန်တော်မူချိန်တော်တွင် သက်တော် (၈၃) နှစ်ရှိပြီ ဖြစ်သည်။
“အကျင့်သီလ နဲ့ပြည့်စုံတဲ့ သူတော်ကောင်းတစ်ယောက်ဆုံးရှုံး ရတာပါပဲ၊ ဆုံးရှုံးမှုရဲ့နောက်မှာ နိုင်ငံအတွက်ဒီထက် ဆိုးတဲ့ကံကြမ္မာတွေ ဖန်လာမလားတစ်ကြောင်းတွေးပူမိပါတယ်” ဟု မန္တလေးမြို့နေ ဒါယိကာမတစ်ဦးက ဆိုသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် သာသနာတော်အတွက် ကြီးမားသောဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပြီး ရွှေတောင်ကြီးပြိုသကဲ့သို့ပင်ဖြစ်ကြောင်း ဆရာတော်ဘုရားအား ကိုးကွယ်ပူဇော်ကြသော တပည့်ဒါယကာ၊ ဒါယိကာများက ဆိုကြသည်။