မကွေးတိုင်း၊ ထီးလင်းမြို့သို့ တပ်ကူလာသည့် စစ်ကောင်စီစစ်သားတစ်ဦးသည် ဂန့်ဂေါခရိုင်တပ်ရင်း-၁၆ (YRA-ထီးလင်း)ထံသို့ မေ ၁ ရက်၊ ညပိုင်းတွင် လက်နက်နှင့်အတူအလင်းဝင်လာကြောင်း သိရသည်။
အဆိုပါစစ်သားသည် ကျောက်ထုမြို့၊ အမတ(၃၆၈)တပ်ရင်းမှ တပ်သားကျော်စိုးဦး(ကိုယ်ပိုင်အမှတ်- တ/၅၂၅၇၀၉)ဖြစ်ပြီး ထီးလင်းမြို့သို့ တပ်ကူအဖြစ်ရောက်ရှိလာစဥ် YRA-ထီးလင်းထံသို့ ချိတ်ဆက်အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
“ အရင်က ကျွန်တော်တို့ဆီမှာ အလင်းဝင်ထားတဲ့စစ်သားတွေရှိတယ်။ အဲ့ဒီစစ်သားတွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာချင်တယ်ဆိုလို့ မနေ့ကည(၁၁)နာရီလောက်မှာ သူထွက်လာနိုင်တဲ့နေရာအထိ သွားရောက်ကြိုဆိုခေါ်ဆောင်ပေးခဲ့တာပါ” ဟု YRA (ထီးလင်း)၏ တာဝန်ရှိသူ သခင်ဇော်က MPA ကိုပြောသည်။
အလင်းဝင်လာသည့် စစ်သားနှင့်အတူ MA1 သေနတ်တစ်လက်၊ ကျည်(၅၃၉)တောင့်၊ ကျည်ဘောက်(၃)ဘောက်နှင့် Equiment တစ်စုံတို့ပါလာသည့်အတွက် YRA (ထီးလင်း)မှ ဆုငွေသိန်း(၅၀)ပေးအပ်ခဲ့ပြီး လွတ်မြောက်သည့်နေရာသို့ ပို့ဆောင်ထားကြောင်းသိရသည်။
“ လုပ်သက်ကတော့ ၂၀၁၆ ကနေ ခုထိဆိုတော့ရှစ်နှစ်ရှိပါပြီ။ တပ်ထဲမှာတော့ ထွက်ပြေးရင်ပစ်သတ်မယ်လို့ခြိမ်းခြောက်တာတွေရှိတယ်ဗျ။ ပြီးတော့ရိက္ခာလည်းပြတ်တော့ ငတ်ရ၊ ပြတ်ရနဲ့နေရတယ်။ တပ်ရဲ့လုပ်ရပ်တွေကိုမကြိုက်လို့ ထွက်ဖို့တော့ ကြိုးစားနေခဲ့တာကြာပြီဗျ။ အချိတ်အဆက်ရတဲ့အချိန်မှာ တခါတည်းဆုံးဖြတ်ပြီးထွက်လာတာပါ” ဟု အလင်းဝင်လာသည့် တပ်သားကျော်စိုးဦးက ဆိုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ YRA (ထီးလင်း)ထံသို့ CDMနှင့်အလင်းဝင်ရောက်လာသည့် ရဲနှင့်စစ်သားစုစုပေါင်းအယောက် ၃၀ ခန့် ရှိပြီဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီသည် ထီးလင်းမြို့နယ်အတွင်း ရေမျက်နီ၊ ရွှေအောင်သာနှင့် ထီးလင်းမြို့ပေါ်တို့တွင်သာ အထိုင်ချတပ်စွဲထားနိုင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့၍ရိက္ခာဖြတ်တောက်ခြင်းကို ခံထားရကြောင်း စုံစမ်းသိရှိရသည်။