စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၄ခုနှစ် ဧပြီ ၃၀ရက်အထိ ပြည်သူစုစုပေါင်း ၉၃၄ဦး၏ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးနှင့် စီးပွားရေးလုပ်ငန်းစသည့် အရပ်သားပိုင် ပစ္စည်း စုစုပေါင်း ၁၁၅၉ ခုကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)ထံမှ သိရသည်။
ယင်းကဲ့သို့ သိမ်းဆည်းခံရသည့် ပြည်သူများသည် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသည့် သပိတ်အဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ယခင်အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မီဒီယာကဏ္ဍ၌ ပါဝင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြောင်း AAPP က ၂၀၂၄ခုနှစ်၊ မေ ၁ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ၎င်းအား ဆန့်ကျင်ကြသူများကို ချေမှုန်းသောအခါ ဆန့်ကျင်သူများ၏ အရင်းအမြစ်များကို ဖြတ်တောက်လေ့ရှိကြောင်း ၊ ယင်းကဲ့သို့ ဖြတ်တောက်ရာတွင် တပြေးညီဖြတ်တောက်ခြင်းမဟုတ်ဘဲ ဆန့်ကျင်ကြသူများထဲမှ ဦးဆောင်သူများကိုသာ အဓိကထားပြီး အရင်းအမြစ်များကို ဖြတ်တောက်လေ့ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ရှင်းပြသည်။
“ ခုနေအိမ်ချိတ်ပိတ်ခံရတဲ့စာရင်းတွေကိုလေ့လာမယ်ဆိုရင် ခုတော်လှန်ရေးမှာ ဦးဆောင်အင်အားစုမှာပါဝင်နေကြသူတွေနဲ့ ဆက်စပ်သူတွေအများစုဖြစ်နေတာကိုတွေ့ရမှာပါ၊ စစ်ကောင်စီအနေနဲ့ ဒီလိုအရင်းအမြစ်ဖြတ်တောက်မှုကို သူတို့ထိန်းချုပ်နိုင်တဲ့မြို့ရွာမှာတော့ ချိတ်ပိတ်သိမ်းဆည်းမှုလောက်သာလုပ်ပေမဲ့၊ သူတို့လက်လွှတ်ထားရတဲ့နေရာဒေသမှာတော့ အကုန်အစင်မီးရှို့ဖျက်ဆီးတဲ့အထိ လုပ်ပါတယ်။ စစ်ကောင်စီက ဒီလိုလုပ်ရပ်တွေကို ရှေ့ဆက်ပြီးတော့ အများအပြား လုပ်လာနိုင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။
ထို့ပြင် နိုင်ငံများ၏ စည်းနှောင်မှုအဖြစ် လက်ခံထားသော အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးထမ်းဥပဒေတွင် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို မတရားသိမ်းယူခြင်းကို တားမြစ်ထားကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်း၏ ပုဒ်မ ၁၇အရ “ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ” ဟု ဆိုသော်ငြားလည်း မြန်မာနိုင်ငံတွင် စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာဥပဒေများကို ကျုးလွန်နေဆဲဖြစ်ကြောင်း AAPP က ၎င်းတို့၏ မှတ်တမ်းတွင် ရေးသားထားသည်။
ယင်းအပြင် အရပ်သားပြည်သူများနှင့် ဒီမိုကရေစီလှုပ်ရှားသူများ၏ ပိုင်ဆိုင်သူများကို ရည်ရွယ်ချက်ရှိရှိနှင့် ကျယ်ကျယ်ပြန့်ပြန့် သိမ်းဆည်းချိတ်ပိတ်နေမှုများကြောင့် ပြည်သူများ၏ စိုးရိမ်သောကများကို ကြီးမားလာစေသကဲ့သို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေများလည်းရှိကြောင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ အိမ်ကအမျိုးသား CDM လုပ်တော့ လိုက်ဖမ်းကြပြုကြတာနဲ့ ပြေးရင်းပြေးရင်း နောက်ဆုံး ဒီမဲဆောက်ကိုရောက်လာတာပဲ၊ ဒီမှာ နေရတာ အဆင်မပြေတိုင်း ကိုယ့်အိမ်ကိုယ်ပြန်ချင်တယ်။ ဆောင်းရာသီအေးရင် အစ်မအိမ်ကစောင်ကို သတိရတယ်။ ထမင်းချက်လို့ အိုးမပြေရင် အိမ်က ထမင်းပေါင်းအိုးကို သတိရတယ်။ ဘယ်နေရာရောက်ရောက် ကိုယ့်အိမ်က အကောင်းဆုံးပဲလေ” ဟု ယင်းအမျိုးသမီးက MPA သို့ပြောသည်။
ထို့ကြောင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်မှတ်တမ်းတင်သွားမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့်လည်း မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ဘေးဒုက္ခဆိုးများ အမြန်ဆုံးချုပ်ငြိမ်းစေရန် စစ်ကောင်စီအား ထိရောက်စွာ အရေးယူနိုင်မည့် လုပ်ငန်းစဉ် ယန္တရားများကို တိကျပြတ်သားစွာ အကောင်အထည်ဖော်ရန် AAPP က တိုက်တွန်း ထုတ်ပြန်ထားသည်။



