မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူများကို မမေ့လျော့စေရန်အတွက် နိုင်ငံရေး အကျဉ်းသူများအဖွဲ့က လှုပ်ရှားမှုတစ်ခုကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ The Space Youth Learning Center တွင် ပြုလုပ်ခဲ့သည်။
၂၀၂၄ခုနှစ်၊ မေ ၁ရက်တွင် နိုင်ငံရေးအကျဉ်းသူများကို မမေ့လျော့စေရန်အတွက် အကျဉ်းထောင်တွင်း၌ ပါဆယ်များဖြင့် မှာယူစားသုံးခဲ့ရသည့် အစားအစာများကို ဝေမျှခြင်းဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူ များအဖွဲ့ တည်ထောင်သူ မဇူးဇူးမေယွန်းက ပြောသည်။
” တော်လှန်ရေးကာလမှာ အားလုံးက အရေးကြီးတယ်ဆိုပေမဲ့၊ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေကိုလည်း မေ့ထားလို့မရပါဘူး။ အဲ့ဒါကြောင့်မလို့ ကျမတို့ ထောင်ထဲမှာ နေခဲ့ရတုန်းက ပါဆယ်တွေမှာ အိမ်ကမှာယူ စားသုံးခဲ့ရတာလေးတွေကို ပြန်ဝေမျှဖြစ်တာပါ၊ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေက ဒီလိုမျိုးတွေ ရင်ဆိုင်ဖြတ်ကျော်နေရတာကို သိစေချင်တယ်” ဟု မဇူးဇူးမေယွန်းက ပြောသည်။
လက်ရှိ အကျဉ်းထောင်များအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရမှုနှင့် ထောင်တွင်း ဆန္ဒပြမှုများကိုသာ အများစုက အာရုံစိုက်နေပြီး တိတ်တဆိတ်သေဆုံးနေရသည့် ဖြစ်စဉ်များကိုလည်း အလေးထားစေလိုကြောင်း မဇူးဇူးမေယွန်းက ဆက်လက် ရှင်းပြသည်။
“ ကျမတို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကတော့ ရတဲ့နည်းနဲ့ နိုင်ကျဉ်းသူတွေအတွက် ဆက်လက် ရပ်တည်သွားမယ်၊ အခုလည်း ကျမတို့ လုပ်နိုင်သလောက် အကူအညီတွေ ပေးနိုင်အောင် ကြိုးစားနေတယ်။ အားလုံးမလွတ်မြောက်သေးသ၍တော့ ကျမတို့အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးအကျဉ်းသူများအဖွဲ့သည် လက်ရှိအချိန်ထိ မြန်မာနိုင်ငံရှိ အကျဉ်းထောင် ငါးခုမှ နိုင်ငံရေးအကျဉ်းသူ ၅၀ကျော်အား ကူညီပေးနိုင်ခဲ့ကြောင်း ဧပြီ ၂၇ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၄ခုနှစ် ဧပြီ ၃၀ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီးအရေအတွက်သည် ၅၄၈၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏စာရင်းများအရသိရသည်။