ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အချိန်မှစတင်ကာ မြို့နှင့် အနီးအနားကျေးရွာများ၌ ဆေးဝါးနှင့် အခြေခံစားသောက်ကုန် စျေးနှုန်းများ သုံးဆခန့်မြင့်တက်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ သင်္ကြန်ကာလမှစတင်ကာ AA၏ ထိုးစစ်ဆင်မှုသည် သံတွဲမြို့ထိ ရောက်ရှိလာပြီး စစ်ကောင်စီဘက်က ခုခံရာ တိုက်ပွဲများသည် ဧပြီ ၂၉ရက်တွင် သူဌေးကျောင်း ရေအားလျှပ်စစ် စက်ရုံစီမံကိန်းနေရာထိ ရောက်ရှိလာပြီဖြစ် သည်။
ထိုကဲ့သို့ တိုက်ပွဲများပြင်းထန်မှုကြောင့် မြို့တွင်း၌ ဆေးဝါး ဝယ်ယူရန် ခက်ခဲလာပြီး မြို့ပေါ်ရှိ ဆိုင်များကို မှီခိုနေရသည့် အနီးအနားကျေးရွာများ ဆေးဝါးပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း၊ သံတွဲမြို့နေ အမည်မဖော်လိုသည့် အသက် ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ပါရာစီတမော့လောက်ပဲ ကျန်တော့တယ်။ အခြား ဆီးချို၊ နှလုံး၊ သွေးတိုးဆေးတွေ ဝယ်မရဘူး” ဟု ၎င်းကပြောသည်။
ထို့ပြင် စားသောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်းများလည်း သုံးဆခန့် မြင့်တက်လျှက် ရှိနေကြောင်း သိရသည်။
“ ဓာတ်ဆီက ရေသန့်တစ်ဗူးကို တစ်သောင်း၊ ကြက်သွန်ဖြူက တစ်ပိဿာ လေးသောင်း၊ အဲ့ဒီလိုဖြစ်နေပြီ၊ ကြက်သွန်ဖြူဆို ဟင်းချက်ရင် နည်းနည်းလေးပဲ ထည့်နိုင်တယ်” ဟု သံတွဲမြို့၌ နေထိုင်သည့် အသက် သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
အထူးသဖြင့် သံတွဲမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ ဧရိယာနှင့် နီးကပ်နေသည့် ကျေးရွာများ၌ စစ်ကောင်စီတပ်များက ရိက္ခာလမ်းကြောင်းကို ချုပ်ကိုင်ထားပြီး ဒေသခံများအတွက် ရိက္ခာမပြတ်ရေး စစ်တပ်ကို မှီခိုနေရကြောင်း တို့အား မှီခိုနေရကြောင်း သူဌေးကျောင်း ရေအားလျှပ်စစ် စက်ရုံစီမံကိန်းအနီးရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးကပြောသည်။
“ စားသောက်ကုန်တွေက ချောင်းသာဘက်က ဝင်တယ်။ လိုတာတွေကို စစ်တပ် လမ်းကြောင်းကနေ မှောင်ခိုမှာလို့တော့ ရတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုကို AA ကထိန်းချုပ်ထားနိုင်ပြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်ဖြစ်သည့် သံတွဲမြို့တွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။