ရန်ကုန်မြို့၌ စည်ပင်က ဖြန့်ဝေသည့် ဂျိုးဖြူရေသည် တစ်ပတ်တစ်ခါပင် မလာတော့ဘဲ လာသည့်အခါတွင်လည်း ရေများ ညစ်ပတ်နေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“ ရေမလာတာ ဆယ်ရက်ကျော်ပြီ၊ အဲ့ဒီလိုဖြစ်နေတာ လေးလ လောက်ရှိပြီ” ဟု သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်သူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ဂျိုးဖြူရေရရှိရာ နေရာတိုင်း နီးပါး၌ ရေမလာသည့် ပြဿနာများ ဖြစ်ပေါ်နေပြီး ထိုသို့ ရေမလာရာမှ ရေရသည့် ရက်များတွင်မူ ရရှိသည့် ရေများမှာ ညစ်ပတ်နေတတ်သည်က များကြောင်းလည်း သိရသည်။
“ ရေတွေက မဲညစ်နေတာဘဲ၊ တစ်ခါကဆို ဆပ်ပြာရေလို အမြှုပ်တွေပါ ထတယ်။ ဘယ်လို လုပ်မလဲ၊ အဲ့ဒီရေကို ဘယ်လို သုံးရမလဲ” ဟု သာကေတမြို့နယ်၌ နေထိုင်သူ တစ်ဦးက ပြောသည်။
ထိုသို့ ဂျိုးဖြူရေ မရသဖြင့် ရေရောင်းသူ ရှားသည့် အချို့ ရပ်ကွက်များတွင် သုံးရေ ချိုးရေအတွက်ပင် အခက်အခဲ ကြီးကြီးမားမား ဖြစ်နေရကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
“ ဒီ ဂျိုးဖြူရေပဲ အားထားရတာ၊ ဒီဘက်မှာက ရေရောင်းတဲ့ သူမရှိဘူး။ ရေမလာတာ ဆယ်ရက်လောက် ဖြစ်လာရင် အိမ်သာတက်ဖို့ကို ရေပါမရှိတာ” ဟု ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ၎င်းကြုံတွေ့နေရသည့် အခြေအနေကို ပြောသည်။
ယခု နွေရာသီကာလအတွင်း ဂျိုးဖြူရေ အချိန်မှန်မလာသဖြင့် ရေရရှိရန်ခက်ခဲနေသောကြောင့် ၎င်းပြသနာအား ဖြေရှင်းရန်အတွက် လျှပ်စစ်မီးဖြင့် မောင်းတင်ရသော မြေအောက်ရေရရှိရန်အတွက်လည်း လျှပ်စစ်မီး ပုံမှန်မလာသော ကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း ရန်ကုန်မြို့နေ ပြည်သူများထံမှ သိရသည်။