ရန်ကုန်မြို့၌ ဘတ်စ်ကား မှတ်တိုင် ငါးမှတ်တိုင်စာမျှသာ အကွာအဝေးရှိသည့် နေရာသို့ သွားလာရန်အတွက် တက္ကစီဌားရမ်းခသည် ကျပ် ၅၀၀၀ ထိ ပေးနေရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီလမှစတင်ကာ အငှားယာဉ် စီးနင်းခများသည် ယခင်ကထက် နှစ်ဆမျှ ပိုမိုများလာခဲ့ပြီး ယင်းမှာ ၂၀၂၃ခုနှစ်အတွင်း နှုန်းထားများနှင့် နှိုင်းယှဉ်တွက်ချက်ထားခြင်း ဖြစ်သည်။
ယခင်က တာမွေမြို့နယ်မှ ရန်ကုန်မြို့သို့ သွားရန် အငှားယာဉ်စီးနင်းခသည် ကျပ် ၄၀၀၀ ခန့်သာရှိခဲ့ရာမှ ၂၀၂၄၊ ဧပြီလတွင် ကျပ် ၈၀၀၀ခန့် ပေးရကြောင်း တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ သတိပဌာန်ထိပ်ကနေ ဆူးလေကို ငါးထောင် မရတော့ဘူး။ ရှစ်ထောင်လောက်ကို တောင်းနေတာ၊ ဘာမှလည်း မဝေးဘဲနဲ့” ဟု ၄င်းက ပြောသည်။
ထို့ပြင် ယခင်က ကျပ် ၂၅၀၀ မကျော်သည့် ခရီးစဉ်များအတွက်လည်း အငှားယာဉ်မောင်းများက ကျပ် ၅၀၀၀ အထိ အနိမ့်ဆုံး တောင်းယူလာကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
“ အခုက ကားပေါ်တက်တာနဲ့ ငါးထောင်တော့ ကုန်မယ် ဆိုတဲ့ သဘော ဖြစ်လာတယ်။ သင်္ဃန်းကျွန်း ဘုရားလမ်းကနေ တာမွေကို ၅၀၀၀ တဲ့၊ ၄၀၀၀ ပဲထားဆို မလိုက်ချင်တာက များတယ်” ဟု အငှားယာဥ် စီးနင်းလေ့ရှိသည့် ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။
လက်ရှိတွင် လက်တား အငှားယာဉ်များသာ ယာဉ်စီးနင်းခ ပိုတောင်းသည်သာ မဟုတ်ဘဲ Grab ကဲ့သို့ အွန်လိုင်းက တစ်ဆင့် ဝန်ဆောင်မှုပေးသည့် အငှားယာဉ်များက ပို၍ ငှားရမ်းခများကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
ထိုကဲ့သို့ အငှားယာဉ်စီးခများ တိုးတောင်းရခြင်းသည် စက်သုံးဆီ စျေးနှုန်းမြင့်တက်ခြင်းကြောင့်သာမကဘဲ အထွေထွေကုန်စျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဖြစ်ကြောင်း အငှားယာဉ်မောင်းများက ဆိုသည်။
“ ဆီစျေးတင်မကဘူး။ ဆန်စျေး၊ အသား၊ ငါး အကုန်တက်နေတော့ မကိုက်တော့ဘူး။ အဓိကကတော့ စက်သုံးဆီ က သုံးထောင်ဖြစ်နေပြီလေ။ ပြားစွန်းမတ်စွန်းကို မကြည့်ရင်ပေါ့” ဟု အငှားယာဥ်မောင်း တစ်ဦးက ပြောသည်။
ထိုသို့ အငှားယာဥ်ခများ ပိုများလာသဖြင့် မဖြစ်မနေ စီးနင်းရန်လို၍ ငှားရမ်းစီးနင်းသူများအတွက် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။