ရန်ကုန်တိုင်းရှိ မြို့နယ်အများစုတွင် လျှပ်စစ်မီးအချိန်မှန် မဖြန့်ဖြူးနိုင်ခြင်းသည့် သန်လျင် Star City နှင့် စက်မှုဇုန်များသို့ လျှပ်စစ်မီးရောင်းစားထားခြင်းကြောင့်ဖြစ်ကြောင်း Star City အိမ်ရာအတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်အပါအဝင် မြို့နယ်အများစုတွင် လျှပ်စစ်မီးဖြန့်ဖြူးချိန်များ မမှန်တော့ဘဲ မကြာခဏဆိုသလို လျှပ်စစ်ဓာတ်အားဖြတ်တောက်နေကြောင်း ရန်ကုန်မြို့ခံများက တညီတညွတ်တည်းပြောသည်။
“ ရာသီဥတုကအရမ်းပူနေတဲ့အချိန် မီးကမလာတော့ ရှင်လျက်နဲ့ငရဲကျနေသလိုပဲ” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
သန်လျင် Star City အိမ်ရာတွင်ယခင်ကတည်းက ၂၄ နာရီမီးပေးစနစ်ဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး အချိန်ပိုင်းဖြင့်မီးပေးသည့်ချိန်တွင်လည်း Star City အိမ်ရာကတာဝန်ရှိသူများက EPC ဖြင့် ညှိနှိုင်းကာ မီးလာသည့်အချိန်များစေရန် လျှပ်စစ်မီးဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ဝယ်ယူခဲ့ပြီးနောက် Star City အိမ်ရာတွင် ညနေ ၄ နာရီမှ နောက်နေ့နံနက် ၉ နာရီအထိ EPC လျှပ်စစ်မီးရရှိပြီး ကျန်သည့်အချိန်များတွင် Generator ဖြင့် လည်ပတ်ခြင်းဖြစ်ကြောင်း Star City အိမ်ရာတွင် နေထိုင်သူက ဆိုသည်။
“ ကျွန်တော်တို့ Star City မှာ EPC မီးက တစ်ယူနစ်ကို ၂၃၀ ကျပ်ပေးရတယ်၊ မီးပျက်ချိန် မီးစက်မောင်းပေးတဲ့ဟာဆိုရင် တစ်ယူနစ်ကို ၁၃၅၀ ကျပ်နဲ့ ဆောင်ရတယ်၊ အခု ဧပြီလကစပြီး Generator နဲ့မောင်းတဲ့အချိန် တစ်ယူနစ်ကို ၂၂၀၀ ကျပ် ပေးဆောင်ရမယ်လို့ စာထုတ်ထားတယ်၊ အဲ့ဒီမှာ အခုမီးပြတ်ချိန်တွေများတော့ အိမ်ရာနေထိုင်သူတွေကပြောတဲ့အခါမှာ အိမ်ရာတာဝန်ရှိသူတွေက EPC နဲ့ ညှိပြီးတော့ လျှပ်စစ်မီးဝယ်ယူထားတယ်ပြောတယ်၊ အဲ့ဒါကြောင့် ဒီမှာက မီးမှန်နေတယ်၊ ညပိုင်းတွေဆိုရင်လည်း တစ်ညလုံးမီးလာတယ်၊ ညနေ ၄ နာရီလောက်ကစပြီး နောက်နေ့နံနက် ၉ နာရီအထိ EPC လျှပ်စစ်မီးရတယ်၊ ကျန်တဲ့အချိန်ကတော့ Generator မီးနဲ့ပဲ” ဟု သန်လျှင် Star City အိမ်ရာတွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။
စက်မှုဇုန်များရှိနေသည့် သာကေတ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာအစရှိသည့် မြို့နယ်များတွင်လည်း မီးလာချိန်အလွန်နည်းပါးနေပြီး လူနေရပ်ကွက်များကိုဖြန့်ဖြူးရမည့် လျှပ်စစ်ဓာတ်အားများကို စက်မှုဇုန်များသို့ ရောင်းချထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“မီးက ပုံမှန်လာချိန်၊ ပြတ်ချိန်ကမမှန်ဘူး၊ လာချိန်မှာလည်း မလာဘူး၊ ပြတ်ချိန်ဆိုလည်းစောပြီးဖြတ်တယ်၊ ညဘက်တွေဆိုရင်လည်း မီးကခဏပဲလာပြီးပြတ်တယ်၊ သာကေတ၊ ဒေါပုံကသန်လျင် Star City နဲ့နီးတယ် အဲ့ဒီကို လျှပ်စစ်မီးခွဲပြီးရောင်းစားထားတယ်လို့သိရတယ်၊ နောက်ပြီးစက်မှုဇုန်တွေပေါ့၊ အရင်က စက်မှုဇုန်တွေလဲမီးမမှန်ဘူး၊ အခုက ရပ်ကွက်တွေကိုပေးရမဲ့ မီးချိန်တွေကို ဖြတ်ပြီး စက်မှုဇုန်တွေဘက်ကို မီးလွှဲရောင်းစားထားတာ၊ အဲ့ဒါမျိုးတခြားမြို့နယ်တွေမှာလည်းဖြစ်နေတယ်လို့သိရတယ်” ဟု ဒေါပုံမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ လူနေရပ်ကွက်များကို ၄ နာရီခြားတစ်ခါ လျှပ်စစ်မီးဖြန့်ဝေသည့် စနစ်ဖြင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်ပြီး လက်ရှိ မြို့နယ်အများစုရှိ လူနေရပ်ကွက်များတွင် မီးလာချိန်တစ်နာရီတွင် တစ်နာရီခန့်သာ မီးလာတော့ကြောင်း ရန်ကုန်မြို့နေပြည်သူများထံမှ သိရသည်။