မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ရွာသုံးရွာကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့်စစ်တပ်က ဧပြီ ၂၇ရက် နံနက်ပိုင်းတွင် ရှင်လှရွာ၊ဟင်္သာကုန်းရွာနှင့် ထန်းခြောက်ပင်ရွာတို့ကိုမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု မတ္တရာမြို့နယ်ပကဖထံက သိရသည်။
“ စဥ့်ကူးမြို့နယ် စဥ့်ကိုင်ရွာက စစ်သား ၁၂၀လောက်က မနေ့ညနေပိုင်းမှာ စက်လှေနဲ့မတ္တရာဘက်ကိုကူးခဲ့တာရှိတယ်။ မတ္တရာမြို့နယ်၊ မိုးကြိုးကျေးရွာက စစ်သား၁၂၀က စစ်ကြောင်းတစ်ကြောင်းနဲ့စစ်ကြောင်းဝင်လာပြီး ရွာတွေကိုမီးရှို့ခဲ့တာ” ဟု မတ္တရာမြို့နယ်ပကဖ၊ သတင်းတာဝန်ခံ ဘိုတောက်က MPA သို့ပြောသည်။
မီးလောင်ပြာကျသွားသည့် အိမ်အရေအတွက်ကို မစိစစ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ မတ္တရာကနေ အနောက်ပိတောက်ပင်တံတားဘက်ကို ထွက်တဲ့ဘက်မှာ စစ်သားတွေ ကား ၁၀စီးနဲ့ ၁၁စီးတွေ့တယ်။ သူတို့က ကားကို တောပုမှာ ထားပြီးတော့ အနောက်ဘက် ဇလက်ကိုသွားပြီး စဥ့်ကိုင်ဘက်ကနေ ပတ်ထိုးလာတဲ့စစ်ကြောင်းကို ကြိုတာ။ပတ်ကြိုရင်းနဲ့ လမ်းက ရွာသုံးရွာကို မီးရှို့ခဲ့တာ” ဟုဒေသခံတစ်ဦးကပြောသည်။
ယင်းသို့ စစ်ကြောင်းထိုးခြင်းကြောင့် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာ၁၀ရွာကျော်က ဒေသခံ များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။
ဧပြီ၂၇ရက်၊ နေ့ခင်းပိုင်းတွင် စစ်ကြောင်းများက မတ္တရာမြို့ပေါ်သို့ ပြန်သွားကြပြီဖြစ်သော်လည်း တိမ်းရှောင်နေကြသော ဒေသခံအများစုမှာ စိတ်မချရသေးသဖြင့် ယနေ့ (ဧပြီ၂၈ရက်)နံနက်ပိုင်း အထိ မိမိတို့ရပ်ရွာအသီးသီးသို့ ပြန်မဝင်ကြသေးကြောင်း သိရသည်။