ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာရှိ ဧရာ၀တီမြစ် ဆိပ်ကမ်း၌ ၂၀၂၄ခုနှစ်၊ ဧပြီ ၂၇ရက်၊ နံနက်ပိုင်းတွင် ဘုရားဖူးလာသည့် ဆယ်ကျော်သက် လူငယ်လေးဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အင်ပင်မြို့မှ အကောက်တောင်သို့ ဘုရားဖူးရန် Light Truck ကားဖြင့် ထွက်လာသည့် ဆယ်ကျော်သက် လူငယ်ငါဦးသည် ဧပြီ ၂၇ရက်၊ နံနက် ၈နာရီကျော်တွင် သောကြာဒူးကျေးရွာရှိ ဧရာ၀တီမြစ် ဆိပ်ကမ်း၌ ရေဆင်းကူးရာမှ လေးဦး ရေနစ် သေဆုံးခဲ့ခြင်းဖြစ်သည်။
” သူတို့က အကောက်တောင်မှာ ဘုရားလာဖူးကြတာ၊ သောကြာဒူး ကမ်းခြေမှာ ရေဆင်းချိုးကြတယ်ပြောတယ်။ အဲ့ဒီမှာ ရေနစ်ပြီး လေးယောက်က သေတယ်။ အကုန်လုံး အင်ပင်က လာကြတာ” ဟု ရေနစ်သေဆုံးသူ လူငယ်များအား သွားရောက် ဆယ်ယူရာတွင် ပါဝင်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့သား တစ်ဦးက ပြောသည်။
ဘုရားဖူးလာရင်း ရေနစ်သေဆုံးခဲ့သည့် လူငယ်များသည် အင်ပင်မြို့နယ် အမှတ် ၁ရပ်ကွက်နှင့် အမှတ် ၄ရပ်ကွက်တို့ တွင် နေထိုင်သည့် သူများဖြစ်ကြောင်းသိရသည်။
“ စိတ်မကောင်းလိုက်တာ ကလေးတွေရယ်။ တစ်ယောက်က ကိုယ့်မောင်ဝမ်းကွဲလေးဖြစ်နေတယ်။ ဒီအမကို အမြဲစနောက်ပြီး အရင်ရက်ကတောင် စနေခဲ့သေး၊ စကားပြောဖြစ်ခဲ့သေးတာ၊ လေးလေးနဲံ အန်တီလဲ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ၊ ကျန်တဲ့ ကလေးသုံးယောက်လဲ သေချာမသိပေမဲ့၊ မျက်မှန်းတန်းမိတဲ့ ကလေးတွေပဲ မိဘတွေနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။ နောက်ဘ၀ ဒီလိုအဖြစ်ဆိုးတွေနဲ့ မကြုံရပါစေနဲ့ ကလေးတွေရေ ကောင်းရာမွန်ရာရောက်ကြပါစေ” ဟု သေဆုံးသူ လူငယ်တစ်ဦး၏ အစ်မဝမ်းကွဲက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ရေနစ်သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို ဒေသခံ ပရဟိတ အသင်းများဖြစ်သော မေတ္တာမွန် လူမှုကူညီရေးအသင်း( ကြံခင်း )၊ ရွှေမေတ္တာ နာရေးကူညီမှုအသင်း ( ထုံးဘို ) ၊ ကျန်းမာစေလို ပရဟိတအသင်း ( ကရင်စု )၊ ရွှေဆိပ်သာ လူမှုကူညီရေးအသင်း ( ဆိပ်သာ ) တို့နှင့် ကြံခင်မြို့နယ် မီးသတ်တို့ က နာရီပိုင်းခန့် ရှာဖွေခဲ့ရပြီး နံနက် ၁၀ နာရီကျော်တွင် ရုပ်အလောင်းအားလုံးကို ရရှိခဲ့သည်။
သေဆုံးသူ လေးဦးမှာ အသက် ၁၅နှစ်မှ အသက် ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက် လူငယ် လေးဦး ဖြစ်ကြောင်း သိရပြီး ၎င်းတို့၏ ရုပ်အလောင်းများအား ဆိပ်သာတိုက်နယ် ဆေးရုံသို့ ဒေသခံ လူမှုကူညီကယ်ဆယ်ရေး အသင်းများက ပို့ဆောင်ပေးခဲ့သည်။




