မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်ချစခန်း(၂)ခုကို ယောတော်လှန်ရေးတပ် (YRA-ထီးလင်း)က နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၅ရက်၊ မနက် ၉နာရီခန့်တွင် ထီးလင်းမြို့တောင်ဘက် ၁၄မိုင်ခန့်အကွာရှိ ရွှေအောင်သာစစ်ကောင်စီစခန်းကို FWဒရုန်းဖြင့် ၆၀ မမ ဗုံးသီး သုံးလုံးကြဲချတိုက်ခိုက်ခဲ့ရာ၊ စစ်သား နှစ်ဦးသေဆုံးပြီး ခုနှစ်ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
“ အာဏာသိမ်းပြီးမှ ရွှေအောင်သာရွာကို စစ်တပ်က အထိုင်စခန်းအဖြစ်အသုံးပြုထားတာဗျ၊ ရွာခံတွေကတော့ တစ်ယောက်မှမရှိတော့ဘူး။ သူတို့အထိုင်စခန်းလုပ်ထားတာဆိုတော့၊ ကျတော်တို့တိုက်ခိုက်တဲ့အချိန်မှာ သူတို့လက်နက်တွေထည့်ထားတဲ့ ဂိုထောင်ရောမီးလောင်သွားတယ်။ စစ်သား၂ယောက်သေတယ်။ ၇ယောက်လောက်ဒဏ်ရာရတယ်လို့ အတွင်းသတင်းကနေသိရတယ်” ဟု YRA-ထီးလင်း၏ ပြန်ကြားရေးတာဝန်ခံကိုကောင်းက MPAကိုပြောသည်။
ယင်းနောက် ဧပြီ၂၆ရက်၊ နံနက် ခုနှစ်နာရီခန့်တွင် စစ်ကောင်စီအထိုင်ချ ရေမျက်နီရဲကင်းစခန်းကို FWဒရုန်းဖြင့် (၆၀)မမ ၂လုံးကြဲချတိုက်ခိုက်ပြီး ညနေ၅နာရီခန့်တွင် FWဒရုန်းဖြင့် ဗုံးသီး၂လုံးကြဲချတိုက်ခိုက်၍ ဘန်ကာဆီထပြေးသော စစ်ကောင်စီတပ်သားများကို အသင့်စောင့်နေသော YRA(ထီးလင်း)ရဲဘော်များက ၄၀မမအပါအဝင် လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
“ အပြန်အလှန်ပစ်ခတ်မှုနာရီဝက်လောက်ဖြစ်ခဲ့တယ်။ ဒရုန်းချတော့ ဘန်ကာဆီထပြေးတဲ့ စစ်သားတွေကို အနီးကပ်နေ ရာယူထားတဲ့ ကျတော်တို့ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာ (၃)ယောက် ထိခိုက်ဒဏ်ရာရသွားတာကို မျက်မြင်တွေ့ရတယ်” ဟု ကိုကောင်းကဆက်ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း YRA – ထီးလင်း အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရေမျက်နီစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ခု၊ ဒီဇင်ဘာ ၄ ရက်နေ့ကစတင်၍ တစ်ပတ်ကြာစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ (၈၀)ရာခိုင်နှုန်းသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ကူများစွာအသုံးပြုခြင်းနှင့် မြေပြင်စစ်ကူများရောက်ရှိလာခြင်းကြောင့် စခန်းစွန့်၍ နောက်ဆုတ်ခဲ့ရသည်။
ထိုအချိန်မှစ၍ ရေမျက်နီဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေခဲ့ကြရပြီး ဒေသခံကာကွယ်ရေးရဲဘော်များအနေဖြင့် ရေမျက်နီရဲစခန်းကို ရိက္ခာဖြတ်တောက်၍ ပိတ်ဆို့ထားသည်။
“ စစ်ရှောင်ဦးရေကတော့ တစ်ရွာလုံးဆိုတော့ ၁၅၀၀ ဝန်းကျင်ရှိမယ်ဗျ၊ တချို့ကလည်း တောတိုက်တွေထဲမှာဘဲနေကြပြီး တချို့ကတော့ နီးစပ်ရာဘေးရွာတွေမှာရှောင်နေကြတယ်။ လိုအပ်တာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပေါ့ဗျာ၊ အဓိကကတော့ စားရေးသောက်ရေးပါပဲ၊ စစ်ရှောင်နေရတာလည်း ၅လဝန်းကျင်ရှိနေပြီလေ” ဟု ရေမျက်နီဒေသခံတစ်ဦးကပြောသည်။
ရေမျက်နီကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဧပြီ ၃ရက်နေ့က စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်။