ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ထောင်ဆူမှုဖြစ်စဉ်အတွင်း အကျဉ်းသားသေဆုံးမှု (၅)ဦးအထိ ရှိလာပြီး (၁၉)ဦး တိုက်ပိတ်ခံထားရကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ၂၀၂၄ခုနှစ်၊ ဧပြီ ၂၆ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၁၈ရက်က မြစ်ကြီးနားအကျဉ်းထောင်ဆူမှုဖြစ်စဉ်အတွင်း စစ်တပ်က သေနတ်ဖြင့် ပစ်ကာဖြိုခွင်းခဲ့မှု ကြောင့် အကျဉ်းသား ၄ဦးသေဆုံးခဲ့ကာ၊ ဧပြီ ၂၁ရက်တွင် အကျဉ်းသား ကိုယိမ်းဘော ထပ်မံသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။
“ ပစ်ခတ်မှုတွေမှာ ကျည်ဆန်ဒဏ်ရာတွေရခဲ့တယ်။ ပြီးတော့ ရိုက်နှက်မှု ဒဏ်ရာတွေလည်း ရခဲ့တယ်လို့ သိရတယ်၊ ကိုယိမ်းဘော့က ကျည်ဆန်ဒဏ်ရာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
လက်ရှိတွင် အကျဉ်းထောင် ဆူပူစေရန် လှုံဆော်ခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်ရှိ အကျဉ်းသား ၁၉ဦးကို ဧပြီ ၂၀ရက်မှစတင်ကာ တိုက်ပိတ်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
တိုက်ပိတ်ခံထားရသည့် အကျဉ်းသား ၁၉ဦးတွင် နိုင်ငံရေးအကျဉ်းသားပါဝင်ခြင်း ရှိမရှိနှင့် မည်သူများဖြစ်သည်ကို အသေးစိတ်သိရှိရခြင်းမရှိသေးပေ။
စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများသည် နိုင်ငံရေးအကျဉ်းသား ကိုအောင်နိုင်ထွန်း၊ ကိုကျော်စိုးဝင်း၊ ကိုယိမ်းဘောနှင့် အမည်မသိရသေးသူ နှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို မိသားစုများထံသို့ ပို့ဆောင်ခြင်းမပြုခဲ့ ကြောင်း မြစ်ကြီးနားအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ အလောင်းတွေကို မိသားစုထံ ပြန်ပေးတာမျိုးတော့ အကျဉ်းဦးစီးဌာနက မလုပ်ပါဘူး။ နောက်ဆုံးနာရေးကို လိုက်ပါ ပို့ဆောင်ခွင့် သင်္ဂြိုဟ်တာကို ကြည့်ရှု့ခွင့်တော့ ပေးပါတယ်” ဟု မြစ်ကြီးနားအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ရန်သူသဖွယ်သဘောထားတယ်။ လုပ်စရာရှိရင်လည်း ပြတ်ပြတ်သားသား လုပ်တယ်။ အဲ့ဒါကြောင့်မို့လည်း နိုင်ကျဉ်းတွေ သေဆုံးမှုက ပိုများလာတယ်။ ဒီအခြေအနေကို ကာကွယ်နိုင်ခြင်းမရှိဘဲ အားလုံးရဲ့ အာရုံစိုက်မှုကနေ အကျဉ်းထောင်တွေက လွတ်နေမယ်ဆိုရင် ဒီထက်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သတ်ဖြတ်မှုတွေက ပိုများလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် မြစ်ကြီးနားအကျဉ်းထောင် ဆူပူမှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ထောင်ပိုင်လေး ဦးကျော်မင်းဦး၊ ထောင်ဆေးရုံ ဆရာဝန် ဦးထွန်းထွန်းအောင်အပါအဝင် ထောင်ဝန်ထမ်း ငါးဦးအား ပြီးခဲ့သည့် ဧပြီ ၂၄ရက်က ဖမ်းဆီးအရေးယူထားကြောင်းလည်း သိရသည်။