ကိုးကန့်တပ် (MNDAA) က ၎င်းတို့၏ တပ်ဖွဲ့ဝင် သုံးဦးအား သေဒဏ်စီရင်ခံခြင်းအား ဥရောပသမဂ္ဂ(EU) က ကန့်ကွက်ခဲ့သည့်အပြင်၊ လူ့အခွင့်အရေး ချိုးဖောက်သည့် လုပ်ရက်တစ်ခုဖြစ်သည်ဟု တော်လှန်ရေးရဲဘော်များကလည်း ရှု့မြင်ကြောင်း ပြောဆိုမှုများရှိနေသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၅ရက်တွင် EU က MNDAA၏ သေဒဏ်စီရင်မှုနှင့် ပတ်သက်မှုအား မည်သည့် အခြေအနေတွင် ဖြစ်ပါစေ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
“ သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုသည်” ဟု EU ကဆိုသည်။
အလားတူပင် MNDAA၏ သေဒဏ်စီရင်ခဲ့မှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု အဖြစ် တော်လှန်ရေးရဲဘော်များကလည်း သတ်မှတ်ထားကြသည်။
“ လက်နက်ကိုင်ပြီး လူ့အခွင့်အရေးကိုကောင်းကောင်းကြီး ချိုးဖောက်ခံနေရတာလို့တော့ မြင်တယ်ဗျာ” ဟု သပိတ်ကျင်းနယ်မှ PDF ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
အလားတူ ကရင်ပြည်နယ်၌ တိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေး ရဲဘော်ဟောင်းတစ်ဦးက “ လူကို သတ်တာထက် စိတ်ကို သတ်ရင် ပိုပြီးတော့ ထိရောက်မယ်လို့ထင်တယ်။ တစ်ဘက်အဖွဲ့အစည်းဘက်က ကြည့်မယ်ဆိုရင် ဒီလူတွေကို မသတ်ရင် နောက်ပိုင်း ဒီထက်ပိုဆိုးလာနိုင်တယ်လို့ တွေးကောင်းတွေးနိုင်သလို၊ အခြားသူတွေအပေါ်မှာ အကြောက်တရား ထည့်ပေးချင်လို့ ဒီလီုလုပ်တယ်လို့ မြင်ရတယ်။ အဲ့ဒီတော့ ပြောရမယ်ဆိုရင် သေဒဏ်ပေးတာက လူသားတစ်ယောက် အနေနဲ့ လက်ခံနိုင်စရာမရှိဘူး။ အပြစ်အရမ်းကြီးလေးတယ်” ဟုဆိုသည်။
ယခုကဲ့သို့ MNDAA က သေဒဏ်ပေးသည့် ပြစ်ဒဏ်ချမှတ်မှုသည် စစ်ကောင်စီကဲ့သို့ ရက်စက်သည့် လမ်းစဉ်မျိုး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောဆိုမှုများလည်းရှိသည်။
“ စစ်တပ်ကို တော်လှန်တဲ့ ဘယ်အဖွဲ့မဆို စစ်တပ်ရဲ့ လမ်းစဉ်အတိုင်းလိုက်လုပ်တာက အတော်ရွံရှာဖို့ကောင်းတယ်။ ပြစ်မှု ပြစ်ဒဏ်ပေးဖို့ နည်းလမ်းတွေ အများကြီးရှိတဲ့အထဲမှ သတ်ဖြတ်ခြင်းဆိုတာကြီးက အဆိုးရွားဆုံးလုပ်ရပ်မျိုးပါ” ဟု မဲဆောက်မြို့၌ တိမ်းရှောင်နေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် MNDAA က ၁၀၂၇ စစ်ဆင်ရေးအတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ ငွေကြေး အတင်းအကျပ်တောင်းခံခြင်း များပြုလုပ်ခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့၀င် ၁၀ဦးအနက် သုံးဦးအားသေဒဏ်ပေးပြီး ခုနှစ်ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
MNDAA ၏ ထုတ်ပြန်ထားမှုအရ သေဒဏ်စီရင်ခံရမည့် သူများကို ဒေသခံပြည်သူ ထောင်ချီ၏ မျက်မှောက်သို့ ခေါ်ဆောင် ပြသပြီးမှ သေဒဏ်စီရင်ခဲ့သည်ကို တွေ့ရသည်။