စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ခုနှစ်၊ ဧပြီ ၂၄ရက်အထိ တော်လှန်ရေးရဲဘော်ကျဆုံး မှု အများဆုံးမှာ စစ်ကိုင်းတိုင်းတွင်ဖြစ်ကြောင်း Spring Revolution Database (SRD) ထံက သိရသည်။
SRD ကကောက်ယူထားသည့် တော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးရဲဘော်များ ကျဆုံးမှုသည် ၄၄၂၃ဦးအထိရှိခဲ့ပြီး ယင်းတို့အနက် စစ်ကိုင်းတိုင်းတစ်ခုထဲ၌ ၁၇၇၃ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
“ စစ်ကိုင်းတိုင်းက တော်လှန်ရေးကာလ အစောပိုင်းကာလမှာ စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုကြောင့် “ ခုခံစစ်” အနေနဲ့ ဒေသခံတွေက ရရာလက်လုပ်သေနတ်တွေနဲ့ စတင်ခဲ့ရတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေး အရှိန်အဟုန်မြင့်တက်လာတာနဲ့ တပြိုင်နက် ခုခံစစ်ကနေ တော်လှန်စစ်ကို ကူးပြောင်းလာရာမှာ စစ်ကိုင်းတိုင်းက လျင်လျင်မြန်မြန်နဲ့ရောက်ရှိလာတာပါ၊ အဲ့ဒါကြောင့်လည်း ကျဆုံးမှုများရတာပါ” ဟု SRD မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
စစ်ကိုင်းတိုင်းတွင် ကျဆုံးခဲ့သည့် တော်လှန်ရေးရဲဘော် ၁၇၇၃ဦးအနက် စစ်မြေပြင်၌ ကျဆုံးခဲ့သူအရေအတွက်မှာ ၈၆၈ ဦးဖြင့် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ စစ်ကောင်စီ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ကျဆုံးခြင်းနှင့် တတိယအများ ဆုံးမှာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းကြောင့် ဖြစ်သည်ဟု SRD ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ကောင်စီတပ်ကြောင့် တော်လှန်ရေးအင်အားစုများ ကျဆုံးမှုသည် စစ်ကိုင်းတိုင်းပြီးလျှင် မကွေးတိုင်းသည် ဒုတိယအများဆုံးဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ ကျတော်တို့ အညာဒေသက ပြောရဆိုရခက်ပါတယ်။ အားလုံးက ဖြစ်သလိုရုန်းနေကြရတာ၊ အညာမှာက တိုက်ရဲ ခိုက်ရဲတဲ့သူများပေမဲ့ လက်နက်အင်အားမပြည့်စုံတဲ့အခါ ကျဆုံးသူများလာရတာပါပဲ၊ အဲ့ဒီအတွက် စည်းလုံးမှုအင်အားနဲ့သွားမှ ရပါမယ်” ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် မြေပြင်စစ်ရေးအခြေအနေတွင် ရှုံးနိမ့်နေသည့်အတွက် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီးတိုက်ခိုက်လျက်ရှိရာ စစ်ကိုင်းတိုင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာတွင် အရပ်သားသေဆုံးမှုအများဆုံး ဖြစ်နေကြောင်း SRD ၏ အချက်အလက်များအရ သိရသည်။