၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးနောက်၊ ဧပြီလအထိ ရိုဟင်ဂျာ တစ်ထောင်ကျော် စစ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံထားရပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဧပြီ ၂၄ရက်က Southeast Asia Junction က ပြုလုပ်သည့် မြန်မာစစ်မှုထမ်း ဥပဒေနှင့် ပတ်သတ်သော အွန်လိုင်း ဆွေးနွေးပွဲ၌ တွမ်အင်ဒရူးက အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြသည်။
“ လူသားဒိုင်းအဖြစ် အသုံးချဖို့ ရိုဟင်ဂျာ လူငယ် ၁၀၀၀ကျော်လောက်က စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံခဲ့ ရပြီးပြီလို့ ကျတော်တို့ ခန့်မှန်းပါတယ်” ဟု တွမ်အင်ဒရူးက ဆိုသည်။
စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲများအတွင်း ရိုဟင်ဂျာများကို စစ်သင်တန်း နှစ်ပတ်ပေးကာ လူသားဒိုင်းသဖွယ် ရှေ့တန်းသို့ ပို့ဆောင်ကာ တိုက်ခိုက်စေခြင်းဖြစ်သည်။
“ “မင်းတို့တွေ အိမ်မပြန်နဲ့ အမိန့်ရောက်တာနဲ့ ချက်ခြင်းကို တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အသင့်အနေအထားရှိဖို့လိုတယ်ဆိုပြီး ပြောတာမျိုးရှိတယ်။ စစ်တပ်က ကတိပေးသလိုမျိုး နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးတာမရှိသေးဘူး” ဟု စစ်သားစုဆောင်းခြင်း ခံခဲ့ရသည့် ရိုဟင်ဂျာလူငယ် တစ်ဦးက ပြောသည်။
ထိုသို့ စစ်သားစုဆောင်းရာတွင် စစ်ကောင်စီသည် ရိုဟင်ဂျာများအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမည်ဟု ဆိုကာ မက်လုံးပေးခြင်းလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ပထမဦးဆုံးအနေနဲ့ ကျောင်းဆရာတွေ၊ ဘာသရေးဆရာတွေကို ခေါ်တွေ့ပြီး အစည်းအဝေးလုပ်တယ်။ ဒီနိုင်ငံက မင်းတို့နိုင်ငံ၊ မင်းတို့နိုင်ငံကို ကာကွယ်ဖို့ မင်းတို့မှာ တာဝန်ရှိတယ်။ အဲ့ဒါကြောင့် မင်းတို့ကိုယ်တိုင် စစ်ထဲဝင်ပြီး ပြင်ဆင်ရမယ်။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ စစ်ထဲဝင်လာရင် နိုင်ငံသားအခွင့်အရေးနဲ့ မှတ်ပုံတင်ထုတ်ပေးဖို့ရှိတယ်ဆိုပြီး ပြောတယ်” ဟု မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစု (MMRF) ၏ ဗဟိုကော်မတီဝင်နှင့် အဖွဲ့ဝင်ရေးရာတာဝန်ခံ ရိုသင်းသင်းလှိုင်က MPA သို့ ပြောကြားထားသည်။
လက်ရှိ ရခိုင် စစ်မျက်နှာတွင် စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို အဓမ္မ စစ်မှုထမ်းစေပြီး လူသားဒိုင်း အဖြစ် အသုံးချမှုများ ရှိနေသလို ရက္ခိုင်တပ်တော်ကလည်း ရိုဟင်ဂျာရွာများ၌ တိုက်ပွဲဖော်ဆောင်သည်ဟု ဝေဖန်မှုများလည်း ရှိထားသည်။
၂၀၁၆ ခုနှစ်တွင် ရခိုင်မြောက်ပိုင်းရှိ နယ်ခြားစောင့် စခန်းများအား ARSA အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က စစ်ဆင်ရေး ပြုလုပ်ခဲ့ရာတွင် ၂၀၁၇ ခုနှစ်၌ ရိုဟင်ဂျာ တစ်သန်းကျော် တစ်ဘက်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး စစ်တပ်၏ ကျူးလွန်မှုများအား လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ် ကမ္ဘာ့နိုင်ငံ အများစုက ရှုမြင်ကြသည်။
ထိုသို့ မိမိ လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်သည့် စစ်တပ်ထဲ အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းသည် ရိုဟင်ဂျာများအတွက် မယုံနိုင်စရာ အခြေအနေဖြစ်ကြောင်း တွမ်အင်ဒရူးက ပြောခဲ့သေးကြောင်း သိရသည်။