စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာတွင် တပ်စွဲနေသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ဦးအပါအဝင် ၄ဦးသေဆုံးကြောင်းသိရသည်။
ဧပြီ ၁၈ရက်နေ့က ရွှေဘိုမြို့မှ ထွက်လာသော အင်အား ၁၀၀ပါစစ်ကြောင်းသည် ချီပါကျေးရွာအတွင်း ၇ ရက်ကြာ တပ်စွဲနေထိုင်နေသဖြင့် ဧပြီ ၂၃ရက်၊ ည ၁၁နာရီ ၈မိနစ်ခန့်မှ ယနေ့(ဧပြီ ၂၄ရက်) နံနက် ၈နာရီခွဲခန့်အထိ ဒရုန်းဖြင့် ဗုံးသီး ၉လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရွှေဘိုမြို့ခမရ -၁၁မှ စစ်ဗိုလ် ၁ဦးအပါအဝင် လေ့ကျင့်ရေး (၈)မှ စစ်သားနှင့် ပျူ ၃ဦးတို့ သေဆုံးကြောင်း ရွှေဘိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
” မြေပြင်မှာတော့ မတိုက်ဖြစ်ဘူး။ လက်နက်ကြီးနဲ့ ပစ်ဖို့ စီမံထားပေမဲ့ မပစ်ခဲ့ရဘူး။ ဝေဟင်ပဲတိုက်ခဲ့ရတယ်။ သူတို့က ရွာထဲမှာ ပစ္စည်းတွေ ထုတ်နေတာ။ အဓိကကတော့ ရိက္ခာသယ်ယူရေးပေါ့” ဟု ရွှေဘိုမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးမှုများကို တပ်တွင်းသတင်းပေးမှတစ်ဆင့် အတည်ပြုနိုင်ခဲ့ပြီး သေဆုံး ဒဏ်ရာရသူများအား ရွှေဘိုမြို့သို့ ပို့ဆောင်ကြောင်း သိရသည်ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (ဧပြီ ၂၄ရက်) ညနေ ၃နာရီဝန်းကျင်က ချီပါကျေးရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၀ကျော် မီးလောင် ပြာကျနေပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ ခုထိကို လောင်နေတုန်းပဲ။ လောလောဆယ်တော့ အိမ်ခြေ ၄၀လောက်ထိပါသွားပြီ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းကြောင့် ချီပါကျေးရွာမှ ပြည်သူများအပါအဝင် ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူများကို မြို့နယ်ပကဖနှင့် တိုက်နယ်ပကဖတို့က ကူညီထောက်ပံ့ပေးနေကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ တာဝန်ခံ၏ ကွပ်ကွဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ PDO၊ မြို့နယ်ပကဖ လက်ရုံး၊ ဒရုန်းတပ်ဖွဲ့နှင့် တိုက်နယ်- ၅ ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


