ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်နေပြီး မြို့ကိုသိမ်းပိုက်ရရှိသည်အထိ စစ်ရေးအရှိန်တိုးမြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ကျင်ဒွေးမြို့၊ စစ်ကောင်စီစခန်းကို CDF ပူးပေါင်းတပ်များနှင့် PDF တပ်များပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ရာ စခန်းရလုအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကူအင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာသဖြင့် နောက်ဆုတ်ပေးခဲ့ရသည်။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်တွင် ချင်းညီနောင်များဖြစ်သည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ-မင်းတပ်(CNC/CDF Mindat)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်(CDF Kanpetlet)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်-မတူပီ(တပ်မဟာ ၁) စသည့် မဟာမိတ်ပူးပေါင်းတပ်များက ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်သည်။
ချင်းညီနောင်စစ်ဆင်ရေး(၂)လနီးပါးကြာမြင့်လာသည့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က နေ့စဥ်လေကြောင်းပစ်ကူပေး၍ မတ်လ ၂၃ ရက်တွင် အင်အား ၁၀၀ ခန့်ရှိသည့် တပ်ဖွဲ့အင်အားကို ရဟတ်ယာဥ် ၂ စင်းဖြင့် ၆ ကြိမ်တိုင် စစ်ကူဖြည့်တင်းခဲ့ပြီး ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့သည်။
“ ပထမအကြိမ်ရဟတ်ယာဥ် ၂ စင်းနဲ့ ၆ ကြိမ် သူတို့(စကစ)က အင်အားလာဖြည့်တယ်။ အဲ့ဒါကို မြို့ပြင်မှာရှိတာရော၊ စစ်ကူလာတာရောနှစ်ဘက် ရင်ဆိုင်တိုက်တော့ အင်အားလာဖြည့်တဲ့အဖွဲ့က အကျအဆုံးတော်တော်များများနဲ့ လောင်းရှည်ကပစထဲကို ဝင်သွားတယ်။ အဲ့ဒီနောက် မနေ့၊ တနေ့ကပေါ့နော် ၂၂ ရက်နေ့ကထင်တယ် နောက်ထပ်အင်အားလာဖြည့်တယ်။ ရဟတ်ယာဥ် ၂ စင်းနဲ့ ၈ ကြိမ်ပေါ့နော်။ ဒါပေမယ့်မြို့တော့ တော်တော်သိမ်းထားနိုင်ပါပြီ။ တိုက်ပွဲတွေတော့ ပြင်းပြင်းထန်ထန်ဆက်ဖြစ်ဦးမယ့် သဘောရှိတယ်” ဟု ချင်းအမျိုးသားကောင်စီ(မင်းတပ်)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က MPA ကိုပြောသည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့များနှင့်အတူ အရက္ခတပ်တော်(AA)ကလည်း အစစအရာရာ ကူညီ၍ပူးပေါင်းတိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်ကောင်စီ၏ ကျင်ဒွေးမြို့သို့ စစ်ကူအင်အားဖြည့်တင်းရန် အကြိမ်ကြိမ်ကြိုးပမ်းမှုများကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက တန်ပြန်ပစ်ခတ်ဟန့်တားနိုင်ခဲ့ပြီး စစ်ကောင်စီက အရပ်သားများနေထိုင်သည့် ကျေးရွာများကိုပါ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများ ရှိနေကြောင်းသိရသည်။
“ ကျင်ဒွေးတိုက်ပွဲက လေးလနီးပါးရှိပြီဆိုတော့ အကုန်လုံးလည်း စစ်ရှောင်နေရတယ်။ စစ်ကူလာချတဲ့စစ်ကြောင်းက ရွာတွေဘက်ရောဆိုတော့ ရွာတွေဘက်ကလည်း ရှောင်ရတာပဲ။ လေကြောင်းကလည်းနေ့တိုင်းလာပစ်နေတယ်။ လေကြောင်းလည်းကြောက်ရတော့ တောင်ယာတွေထဲမှာပဲနေကြတာများတယ်။ လမ်းကြောတွေလည်းပိတ်နေတော့ အဓိကစားရေးသောက်ရေး ကုန်စည်တွေခက်ခဲတယ်ဗျ” ဟု ကန်ပက်လက်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ကျင်ဒွေးမြို့သည် ပထဝီအနေအထားအရ ချောင်ကျပြီး စစ်ကောင်စီအတွက် စစ်ရေးနှင့်ဆက်သွယ်ရေးအရ အချက်အချာမကျသော်လည်း ဂုဏ်သိက္ခာအရ ယခုလိုလေကြောင်းနှင့်စစ်ကူအများအပြားသုံး၍ အသေအကြေခုခံနေခြင်းဖြစ်ကြောင်း ဆလိုင်းယောမာန်က သုံးသပ်သည်။
တိုက်ပွဲကာလအတွင်း ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဘုရားကျောင်း၊ စာသင်ကျောင်းများအပါအဝင် အရပ်သားနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။


