မန္တလေးမြို့တွင် အပူချိန် မြင့်တက်နေသည့်အတွက် ယခုလအတွင်း သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အပူလျှပ်ပြီး ဖျားနေကြကြောင်း သိရသည်။
မန္တလေးတွင် နေ့အပူချိန် 42°C အထိ မြင့်တက်လာသည့်အတွက် ဆေးခန်းများသို့ အပူလျှပ်ပြီး ရောက်လာသူ များကြောင်း မန္တလေးမြို့ပေါ်နေ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးထံက သိရသည်။
“ ဆေးခန်းကိုလာတာတော့ အခုရက်ပိုင်းအရွယ်စုံပဲ။ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တော့ ပိုများတယ်။ Heat exhaustion ဖြစ်ပြီး ဖျားကြတာ။ ရာသီဥတုအပူချိန်ကလည်း အရမ်းမြင့်နေတယ်” ဟု ၎င်းကပြောသည်။
နေ့အပူချိန်မြင့်တက်လာသည့်အတွက် ကိုယ်ခံအားနည်းသည့် အသက် ၃နှစ်အောက်ကလေး များနှင့်အသက် ၅၀ ကျော် အရွယ်တို့ အများဆုံး ဖျားကြကြောင်း သိရသည်။
“ လျှပ်စစ်မီးကတော့ တစ်ရက်မှာ တစ်နာရီတောင် ပုံမှန်မလာဘူး။ ဒီလိုပဲ အပူခံပြီး နေနေရတယ်။ ကလေးက ပူတော့ မနေနိုင်ဘူး။ နို့လည်း ကောင်းကောင်း မစို့နိုင်ဘူး။ သူလည်း အပူတက်ပြီး ဖျားတယ်။ဆေးခန်းပြထားရတယ်” ဟု မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်နေ ၁နှစ်ခွဲအရွယ် ကလေး၏ မိခင်က ပြောသည်။
မန္တလေးမြို့တွင် နေ့အပူချိန်မြင့်တက်နေပြီး လျှပ်စစ်မီး ပုံမှန် မရရှိသဖြင့် အပူသက်သာအောင် အဲကွန်းနှင့်ပန်ကာများလည်း အသုံးပြု၍ မရကြောင်း ထို့ကြောင့် အားသွင်းအသုံးပြုရသည့် Air Cooler နှင့် ဘက်ထရီပန်ကာတို့ကို အသုံးပြုမှု များနေကြောင်း သိရသည်။
“ မန္တလေးမှာပူတာတော့ညဆို ငရဲကျနေသလိုပဲ၊မီးကမလာတော့အိပ်လို့မရဘူး၊ နေ့ဆိုရင်လည်းမီးဖိုဘေးကပ်ထိုင်နေရသလိုပူနေတယ်” ဟု ချမ်းမြသာစည်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီ ၂၇ရက်နှင့် ဧပြီ ၂၈ရက်တို့တွင် နေ့အပူချိန် ထပ်မံတိုးလာနိုင်သည်ဟု မိုးလေဝသကျွမ်းကျင်သူ ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။