စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်ရောင်ကျေးရွာသည် ပြီးခဲ့သည့် ဧပြီ ၁၃ရက်၊ နံနက် ၁၂နာရီခန့်တွင် အကြော်ကြော်ရန် တင်ထားသည့် ဆီဒယ်အိုး အပူလွန်ကဲရာမှ ရွာလုံးကျွတ် မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ရာ၊ မီးဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးကော်မတီဖွဲ့စည်းပြီး ရွာအား ပြန်လည်ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ကိုဇော်ထက်က MPA သို့ပြောသည်။
“ အညာမှာ နေအရမ်းပူတယ်။ အခုမီးလောင်ထားတဲ့ မီးလောင်ပြင်မှာ ရေတွင်းကရေနဲ့ မြေကြီးကို အပူတွေအေးအောင်၊ ငြိမ်းအောင် စလုပ်နေတယ်။ ဒါတောင် အပူဓာတ်တွေ တအားများပြီး လူပြန်နေလို့ရတဲ့ အနေအထားမရှိသေးပါဘူး” ဟု ကိုဇော်ထက်ကပြောသည်။
အိုင်ရောင်းကျေးရွာ၌ ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မီးလောင်မှုအပြီး တစ်ပတ်ခန့်အကြာ ဧပြီ ၂၀ရက်တွင် ဒေသခံကာကွယ်ရေးရဲဘော်များနှင့် ပြည်သူများ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
“ အခြားကျေးရွာက ပြည်သူတွေလှူတာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက လှူတာတွေကို သေချာစာရင်းပြုစုထားပြီး ချက်ချင်းလှူရမဲ့ စားနပ်ရိက္ခာတွေကို ချက်ချင်းတန်းလှူပေးထားတယ်” ဟု ကိုဇော်ထက်ကပြောသည်။
လက်ရှိတွင် မီးဘေးသင့်ပြည်သူများသည် အိုင်ရောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းများတွင် နေထိုင်လျက်ရှိပြီး စားသောက်ရေးအတွက် ထမင်းထုပ်များလည်း စီစဉ်ပေးထားကြောင်း ပုလဲမြို့နယ်လူသားစာနာတာဝန်ခံကပြောသည်။
“ အိုင်ရောင်းကျေးရွာမှာက မီးမလောင်ပဲကျန်ခဲ့တဲ့ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းတွေရှိတယ်။ ပြီးတော့ နေအိမ် ၆၅ လုံးလောက် မီးမလောင်ပဲကျန်ခဲ့တယ်။ အဲဒီနေရာမှာ မျှနေကြတယ်။ ပြီးတော့ နောက်တပတ်စာလောက်အထိ သူတို့ကို ကျွေးမွေးဖို့အတွက် ရိက္ခာတွေရှိသေးတယ်” ဟု လူသားစာနာတာဝန်ခံကပြောသည်။
အိုင်ရောင်းကျေးရွာသည် ပုလဲမြို့နယ် မြောက်ဘက်ခြမ်းအစွန်းတွင် တည်ရှိကာ၊ အိမ်ခြေ ၂၀၀ခန့်ရှိပြီး မတော်တဆမီးလောင်မှုကြောင အိမ်ခြေ ၁၁၅ လုံးခန့် မီးလောင်ပြာကျခဲ့ကာ စပါး ၊ ဂျုံ ၊ ကြက်သွန်များလည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။









