တနင်္သာရီတိုင်း၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း တည်ထောင်ပြီး သုံးနှစ်အတွင်း ရဲဘော် ၂၈ ဦးအထိ ကျဆုံးခဲ့ရကြောင်း သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးက MPA သို့ပြောသည်။
မြိတ်ခရိုင် အမှတ် ၁တပ်ရင်းကို ၂၀၂၁ခုနှစ်၊ ဧပြီ ၇ရက်တွင် စတင်တည်ထောက်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးရဲဘော်တစ်ဦး ကျဆုံးသွားချိန်မှ လက်ရှိအချိန်ထိ ကျဆုံးခဲ့သည့် ရဲဘော်များကို စာရင်းပြုစုခဲ့ကြောင်း ရဲဘော်အာနိုးက ရှင်းပြသည်။
” အဓိက က တော့ သူတို့ရဲ့စွန့်လွှတ်ပေးဆပ်မှုတွေကို အမြဲအမှတ်ရနေဖို့နဲ့ သူတို့ရဲ့ ကျေးဇူးကြွေးကို နောင်တချိန် သူ့မိသားစုကို ပြန်လည်ပေးဆပ်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ရဲဘော်အာနိုးကပြောသည်။
ကျဆုံးရဲဘော်အများစုသည် ထိတွေ့တိုက်ပွဲများတွင် ကျဆုံးခဲ့ခြင်းဖြစ်ကာ၊ မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့သည့် ရဲဘော်များလည်းရှိကြောင်း ၎င်းက ပြောသည်။
” ဒီရဲဘော်တွေထဲမှာဆိုရင် အသက်အငယ်ဆုံးက ရဲဘော်မုန်တိုင်းပါ။ ကျဆုံးတဲ့အချိန်မှာ အသက် ၁၈နှစ်ပဲ ရှိပါသေးတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ရက်နေ့ လက္ကူးတိုက်ပွဲမှာ ကျည်သင့်ပြီး ကျဆုံးခဲ့တာပါ “ ဟု ရဲဘော်အာနိုးကပြောသည်။
အဖွဲ့တည်ထောင်ပြီး ၃နှစ်ကျော်အတွင်း မှတ်ရဆုံးတိုက်ပွဲသည် တိုက်ပွဲသည် ၂၀၂၃ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကဗျာတိုက်ပွဲဖြစ်ပြီး ယင်းတပ်ရင်းမှ ရဲဘော်၃ဦးနှင့် ပကဖရဲဘော် ၂ဦးကျဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁တပ်ရင်းမှ ရဲဘော်တစ်ဦးက ရှင်းပြသည်။
“ ပထမဆုံး စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပြီး ရဲဘော်တစ်ဦးကျလို့ Dead Body ( အလောင်း )ကိုသယ်ပြီး အပြန်မှာ စစ်ကြောင်းနဲ့ထပ်ပြီး ရွာထဲမှာတွေ့တာ၊ ညဘက်ဆိုတော့ နှစ်ဘက်စလုံး သူ့လူ ကိုယ့်လူ မသဲကွဲဘူး။ ရေတောင်းသောက် ဆေးလိပ်တောင်းသောက် စကားစမြည်ပြောရင်း သူတို့ဘက်က ဗမာစကား(အထက်သံ)၊ ကျတော်တို့ တနင်္သာရီတိုင်းဘက်အခေါ်ဆို ပုဂံလိုပြောတော့ ရိပ်မိပြီး ရဲဘော်တစ်ယောက်က သူ့ရှေ့မှာရှိတဲ့ စစ်သားကို ဓါးနဲ့ထိုးတယ်။ အဲဒီမှာ အကုန်လုံးထွေး သတ်ပုတ် အနီးကပ်ပစ်ခတ်တာတွေ ဖြစ်ကုန်တယ်။ ထပ်ပြီး ကျတော်တို့ ရဲဘော် ၂ ယောက်ရယ်၊ ပကဖ ရဲဘော် ၂ ယောက်ရယ် ကျဆုံးခဲ့တယ်” ဟု ၎င်းကရှင်းပြသည်။
ယင်းတပ်ရင်းမှ ရဲဘော်များသည် တော်လှန်ရေးတွင် စိတ်ရော၊ လူရော ပင်ပန်းကာ လက်လျော့ချင်စိတ်များ ဖြစ်ပေါ်လာသည့်အချိန်တိုင်း ယင်းကျဆုံးရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်ရန်နှင့် ယင်းတို့၏ မျှော်မှန်းချက်များ ရရှိအောင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြိုးစားရှေ့ဆက်နေကြကြောင်း ၎င်းက ပြောပြသည်။
မြိတ်ခရိုင် အမှတ် ၁တပ်ရင်းသည် တည်ထောင်ပြီးချိန်မှစ၍ ယခုချိန်အထိ တိုက်ပွဲပေါင်း ၁၀၀ထပ်မနည်း တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။