ပဲခူးတိုင်းအနောက်ခြမ်းရှိတောင်သူများအနေဖြင့် သွင်းအားစုစရိတ်ကြီးမြင့်မှု၊ ရာသီဥတုဖျက်ဆီးမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် အရှုံးပေါ်နေသည့်ကြားမှ စစ်တပ်က နွေစပါးစိုက်ပျိုးရန် အတင်းအကျပ်ဖိအားပေးနေကြောင်း တောင်သူများကဆိုသည်။
ပြီးခဲ့သည့် မတ်လမှစတင်၍ ဆည်ရေများပို့လွှတ်ကာ စပါးစိုက်တောင်သူများကို နွေစပါးစိုက်ပျိုးရန်ဖိအားပေးနေခြင်းဖြစ်ပြီး မစိုက်ပျိုးသည့် တောင်သူများအား အရေးယူမည်ဟု ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုနေကြောင်း အုတ်ဖိုမြို့နယ်အတွင်းရှိ အသက် ၄၀ အရွယ်တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
“ကားလမ်းဘေး ဆည်ရေရတဲ့ လယ်ကွက်ပိုင်ရှင်တွေကို ပိုပြောတယ်၊ မစိုက်မနေရ စိုက်ရမယ်၊ မစိုက်ရင် လယ်သိမ်းမယ်ပေါ့၊ ကျွန်တော်တို့က ကုန်ကျစရိတ်တွေများတာနဲ့ပြီးတော့ နိုင်ငံရေးအခြေနေက မကောင်းတော့ စိုက်ပျိုးရေးကိုမလုပ်ချင်တော့ဘူး။ ရှိတဲ့ဟာလေးမဆုံးရှုံးအောင်ဘဲနေချင်တော့တာ၊ အခုကမသေချာ၊ မရေရာတဲ့အခြေအနေကြီးမှာ ငွေတွေတအားရင်းနှီးပြီး စိုက်ပျိုးရေး မလုပ်ချင်ဘူး”ဟု ၎င်းကဆိုသည်။
စပါးစိုက်တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးပြီးမှ ဆည်ရေပြတ်တောက်သွားမည်ကိုလည်း စိုးရိမ်နေကြပြီး ကားလမ်းဘေးလယ်ကွက်များတွင် နွေစပါးစိုက်ပျိုးရာတွင်လည်း အစေ့ချစက်ဖြင့် စိုက်ပျိုးခိုင်းကြောင်း မင်းလှမြို့ရှိ အသက် ၃၀ အရွယ် လယ်သမားတစ်ဦးကဆက်လက်ပြောသည်။
“ကုန်ကျစရိတ်တွေများပါတယ်ဆိုမှ မျိုးစေ့ချစက်ငှားရတာတွေနဲ့ ပိုကုန်တာပေါ့။ အဓိက ကားလမ်းဘေးလယ်တွေပေါ့၊ နောက်ကလယ်တွေက ဘယ်လိုစိုက်စိုက်ရတယ်၊ သူတို့ အထက်က လူကြီးတွေလာရင် လမ်းဘေးကြည့်ကောင်းအောင်လိုလုပ်ခိုင်းတဲ့သဘောပါ၊ ဆည်တွေမှာလည်း စစ်သားတွေတာဝန်ယူထားတာ၊ ရေလိုလို့ လှမ်းတောင်းဖို့တောင် ဖုန်းမဆက်ရဲဘူးကြောက်နေရတယ်”ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ယခုကဲ့သို့ ကားလမ်းဘေးလယ်ကွက်များအတွင်း နွေစပါးစိုက်ပျိုးရန် အတင်းအဓမ္မဖိအားပေးခံရဖူးကြောင်း လက်ပံတန်းမြို့နယ်အတွင်းနေထိုင်သည့် အသက် ၄၀ အရွယ် လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။
“စိုက်ပြီးရင်လည်း လမ်းဘေးလယ်ကွက်တွေက ပေါင်း(မြက်)တွေရှင်းနေမှ၊ ပေါင်းရှိတဲ့ လယ်ကွက်တွေဆို လိုက်နူတ်ရင်နူတ်၊ မနူတ်ရင် မြက်ရမ်းစက်နဲ့ရမ်းခိုင်းတာ၊ သူတို့ အထက်လူကြီးလာကြည့်မယ့်ရက်ဆို အဲဒီလိုကို အတင်းလုပ်ခိုင်းတာ၊ မစိုက်ချင်လည်းစိုက်ရ၊ မလုပ်ချင်လည်းလုပ်နေရတဲ့ အခြေနေတွေ၊ ဘယ်သူမှ မစိုက်ချင်ကြဘူး။ ဆည်တွေက တောင်ပေါ်ဘက်တွေမှာရှိတာ၊ တကယ်လို့တိုက်ပွဲတွေဖြစ်လာလို့ ဆည်ရေမပေးနိုင်ရင် အန်တီတို့တောင်သူတွေပဲဆုံးရှုံးမှာ” ဟု ၎င်းကထပ်လောင်းပြောသည်။
နွေစပါး စိုက်ပျိုးတောင်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆည်ရေထိန်းသိမ်းခအနေဖြင့် လယ် ၁ ဧကလျှင် အနည်းဆုံးကျပ် ၅၀၀၀ ခန့်ပေးဆောင်ရသေးသည်။




