စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိချိန်ထိ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ခြောက်ထောင်ကျော် ဝန်းကျင်ထဲကမှ ၂၉ ဦးသာ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းတွင် ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) ထံမှ သိရသည်။
လွတ်ရက်နီးသည့် နိုင်ငံရေးအကျဉ်းသူများသာ လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ သေဒဏ် နှင့် နှစ်ကြီးသမားများ ကျန်နေသေးကြောင်း WOPP တည်ထောင်သူ မဇူဇူးမေယွန်းက ပြောသည်။
“ထောင်တစ်သက်တွေ၊ သေဒဏ်တွေ ပြီးရင် ပုဒ်မ ၁၂၂ /၁၂၄ နဲ့ မတရားအကျဉ်းချခံထားရတဲ့ အကျဉ်းသူ၊ အကျဉ်း သားနှစ်ကြီးသမားတွေ ကျန်သေးတယ်။ ပြီးတော့ ၁၀ နှစ်အထက်တွေ ၁၀ နှစ်အောက်တွေ ကျန်သေးတယ်ပေါ့၊ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေက ဒီလိုမျိုး လွတ်ငြိမ်းကို မျှော်လင့်တာမဟုတ်ဘူး။ ထောင် ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတစ်ယောက်မကျန်ပြန်လွတ်ဖို့သူတို့မျှော်လင့်တာပါ” ဟု မဇူဇူးမေယွန်းက ထပ်မံပြောသည်။
လက်ရှိထောင်ထဲတွင် ကျန်နေသည့်သူများမှာ ပြင်ပရှိ မိသားစုဝင်များကို ၎င်းတို့ လွတ်မြောက်ရန် မျှော်လင့်ချက် မထားရန် စကားပါးခဲ့ကြောင်းလည်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ထံမှ သိရသည်။
“ထောင်ထဲကနေ သူတို့ရဲ့ မိသားစုဝင်တွေကိုအရမ်းကြီး မမျှော်လင့်ဖို့ကို ပြန်လည်ပြီး အပြင်က မိသားစုကို နှစ်သိမ့်နိုင်တယ်ဆိုကတည်းက အထဲမှာ တောင့်ခံနေတဲ့အနေအထားမျိုးမှာရှိတယ်။ အဲ့ဒီတော့ အမတို့က အဖက်ဖက်က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတစ်ယောက်မ ကျန်လွတ်မြောက်ဖို့ကို ဝိုင်းဝန်းပြီးကြိုးစားသွားမယ်ဆို အထဲမှာ တောင့်ခံရကျိုးနပ်မယ်လို့ မြင်မိပါတယ်”ဟု မဇူဇူးမေယွန်းက မှတ်ချက်ပြုသည်။
လက်ရှိတွင် ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ထောင်ထဲကျန်ရှိနေသူများ၏ ကျန်းမာရေးမှာ ယခင်ကထက် ပိုမို ဆိုးဝါးနေပြီး ဆေးဝါးလုံလောက်မှုမရှိဘဲဖြစ်နေကြောင်း ထောင်တွင်း၌ ရေလုံလောက်စွာမရရှိခြင်းနှင့် အစားအသောက်အခက်အခဲများလည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူတချို့ထံမှ သိရသည်။
“မာတဲ့ထမင်းတွေကို လက်ရှိမှာလည်း ကျွေးနေတုန်းပဲ၊ အခက်အခဲကတော့ စစ်မှုထမ်းဥပဒေ ထုတ်ပြီးတဲ့ နောက်မှာ ထောင်တွင်းပိုင်းတွေမှာ မိသားစုတွေက ပါဆယ်ပို့ရခက်ခဲလာတယ်။ အထဲမှာလည်း တစ်ဦးလာတဲ့ ပါဆယ်ကို ၇ယောက် ၈ယောက်လောက်ဝန်းကျင်က မျှစားနေရတဲ့အနေအထားမျိုးပေါ့ စားဝတ်နေရေးတော့ ခက်ခဲ နေပါတယ်” ဟု နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိအကျဉ်းထောင်အသီးသီးမှ အကျဉ်းသား သုံးထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားမှာ တစ်ရာကျော်သာ လွတ်မြောက်ခဲ့ပြီး ယင်းတစ်ရာကျော်ထဲကမှ နိုင်ငံရေးအကျဉ်းသူ ၂၉ ဦးသာပါဝင်သည်ကို တွေ့ရသည်။