မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် လာရောက်အခြေစိုက်သော စစ်တပ်ကို ဒေသခံPDF တို့က တိုက်ခိုက် မောင်းထုတ်ခဲ့ရာ စစ်သား ၃ဦးသေဆုံးသွားကြောင်း သိရသည်။
ဧပြီ ၁၈ရက်၊ နံနက် ၁၁နာရီဝန်းကျင်က နွားထိုးကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်စစ်ကြောင်းသည် လျှော်ဖြူကျေးရွာသို့ တပ်စွဲနေထိုင်စဉ် PDF တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်- ၄တပ်ရင်း (Natogyi People Defence Force)အဖွဲ့က သတင်းထုတ်ပြန်သည်။
“ တိုက်ပွဲဖြစ်တဲ့ မနက်ခင်းပိုင်းက တပ်စစွဲတာ။ ရွာရဲ့ စာသင်ကျောင်းထဲမှာ တပ်စွဲတာ။ တိုက်ပွဲဖြစ် တဲ့အချိန်မှာ ပြည်သူတွေက ပြေးမိပြေးရာထွက်ပြေးကြတာပေါ့။ သူတို့က ၂ထပ်ဆောင်နဲ့ ဘန်ကာနဲ့။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းနဲ့က ကပ်လျက်ဆိုတော့ ဘုန်းကြီးကျောင်းဘက်ကနေ တိုက်ရတာပေါ့” ဟု မြင်းခြံခရိုင်အမှတ် – ၄တပ်ရင်း (Natogyi People Defence Force)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် PDFရဲဘော် ၂ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
“ ဘာမှတော့ စိုးရိမ်စရာမရှိပါဘူး။ အကုန်လုံးကောင်းပါတယ်။ သွားသွားလာလာပါပဲ” ဟု နွားထိုးကြီးမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
ယင်းစစ်ကြောင်းသည် ဧပြီ ၁၉ရက် နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် -၄တပ်ရင်း (Natogyi People Defence Force)၊ မြင်းခြံခရိုင် တပ်ရင်း – ၁၊ မြင်းခြံခရိုင် တပ်ရင်း-၂၊ မြင်းခြံခရိုင် တပ်ရင်း -၃ ၊ မြင်းခြံခရိုင် တပ်ရင်း -၈ ၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မလှိုင်မြို့နယ် ပကဖ (MHLG Wings)တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


