မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အတွင်းရှိ တံတားဦးလေတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂျက်ဖိုက်တာ ၄ စင်း ပျက်စီးသွားကြောင်းသိရသည်။
ဧပြီ ၁၇ရက်၊ နံနက် ၂နာရီခန့်က တံတားဦးလေတပ်စခန်းကို ၁၀၇(မမ) ၁၀လုံး၊ ၉၀(မမ) ၅လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုထောင် ထိမှန်ပျက်စီးခဲ့ကြောင်း Freedom Revolution Force ကသတင်းထုတ်ပြန်သည်။
” လေယာဉ်ထားတဲ့ဂိုထောင်ပျက်စီးသွားတယ်ဗျ။ အဲ့ထဲမှာ ၆စီးရှိတာ ၄စီးထိတာကို အတည်ပြုနိုင်တယ်။ လေယာဉ်ပြေးလမ်းတစ်ခုလည်း ပျက်စီးတယ်ဗျ။ ဂိုထောင်မှန်ဝောာ့ ဂိုထောင်လည်း ပျက်စီးသွားတယ်” Freedom Revolution Force သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
ပစ်ခတ်သည့်အချိန်၌ မကွဲသည့် လက်နက်ကြီး ၄လုံးကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းစဉ် သိမ်းဆည်းသွားကြောင်း ၎င်းကပြောသည်။
“ ပစ္စည်းရဲ့အားနည်းချက်လို့လည်းပြောလို့ရတာပေါ့။ စစ်ကောင်စီဘက်က သိမ်းဆည်း ရမိသွားတာတွေလည်းရှိတယ်။ ကျနော်တို့ကလည်း ပြန်ယူလို့အဆင်မပြေလို့ထားခဲ့ရတာပေါ့” ၎င်းကပြောသည်။
တိုက်ခိုက်မှုပြီးနောက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ ကျောက်ဆည်ဘက်နားက ပစ်တဲ့ပရဝဏ်မှာ မဲနေတာ။ အစအနလည်းကျန်တာဗျ။ မနေ့ကအထိကို ရွာထဲ မေးမြန်းတာတွေလုပ်နေတာ။ ဘာသိတုန်း၊ ခင်ဗျားတို့ မသိတာတွေများနေပြီ။ ဒီအတိုင်းဆို ရွာပျက်ချင်နေပြီဆိုပြီး ကြိမ်းမောင်းနေတာ” ဟု စဉ့်ကိုင်မြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့ – ၁၊ Kyaukse Revolution Army (KRA)နှင့် စဥ့်ကိုင်မြို့နယ် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ဂျက်ဖိုက်တာ ၄စင်းပျက်စီးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

