စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းစခန်းမှ ကင်းထွက်လာသည့် စစ်တပ်နှင့် ဗမာ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရှေ့ပြေးကင်းတို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၁၀ရက်၊မွန်းလွဲ ၁၂ နာရီခွဲခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး G3 သေနတ်တစ်လက်၊ ကျည် ဘောက် ၂ ခု၊ ခဲယမ်းတချို့၊ ဖုန်း ၁ လုံးနှင့် icom ၁ လုံး တို့သိမ်းဆည်းရမိခဲ့ကြောင်း BNRA ကထုတ်ပြန်ထားသည်။
“ ကင်းပတ်စစ်ကောင်စီအင်အားက တပ်စိပ်တစ်စိတ်လောက်ပါဗျ။ လက်နက်ပေးလိုက်ရတဲ့နောက်မှာတော့ တပ်ခွဲ ၁ ခွဲစာလောက် ထပ်တိုးအင်အားနဲ့ အလောင်းကောက်ဖို့ ကြိုးစားပေမယ့် မကောက်နိုင်ခဲ့ပါဘူးဗျ။ထိတွေ့ချိန်က နာရီဝက်လောက် ဖြစ်ပြီး မီတာ ၅၀ အတွင်းမှာ ဖြစ်တာပါ။ ထိခိုက်မှုကို အတည်ပြုနိုင်တာကတော့ စစ်သားတစ်ဦး သေဆုံးတာကိုပဲ အတည်ပြုနိုင်ပါတယ်” ဟု BNRA ဗဟို သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ က MPA သို့ပြောသည်။
သေဆုံးခဲ့သည့် စစ်သား၏ အမည်သည် စိန်သန်းအောင်ဖြစ်ပြီး ၎င်း၏ နေရပ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊တပ်ချောင်းရွာက ဖြစ်ကြောင်း BNRA ကဆိုသည်။
“ တချို့ကလည်း ဇီးဖြူကုန်းမှာ မနေချင်လို့ ထွက်ပြေးလာတဲ့သူတွေ ရှိတယ်။တချို့ကလည်း စစ်တပ်ကခိုင်းတာ အကုန်လုပ်ပေးပြီး ပြည်သူကို နှိပ်စက်နေတယ်တွေ ရှိနေသေးတယ်” ဟု ပုလဲဒေသခံ တစ်ဦးက ဆိုသည်။
သေဆုံး စစ်သား၏ ရုပ်အလောင်းကို ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့ကြောင်း BNRA က ထုတ်ပြန်ထားသည်။
စစ်သားသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။