ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ KIA တပ်မဟာ ၃ နယ်မြေ၊ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်း၊ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်မြို့အခြေစိုက် ခလရ ၁၄၂ စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာပြီးနောက် စခန်းအတွင်းမှ မြန်မာငွေ ကျပ် သိန်းငါးသောင်းခန့်နှင့် ရွှေချောင်းအချို့ကို KIA ကသိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လွယ်ဂျယ်မြို့စောင့်တပ်ဖြစ်သည့် ခလရ ၁၄၂ စခန်းအတွင်း၌ ခိုလှုံနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၆၃ ဦးသည် ဧပြီ ၈ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် တရားဝင်နယ်စပ်ဂိတ်ပေါက်မှ ဖြတ်သန်းခြင်းမပြုလုပ်ဘဲ၊ တရုတ် – မြန်မာ နယ်စပ် ခါနန်ကျေးရွာမှတဆင့် မူဆယ်ဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်။
“ တရုတ်နဲ့ စစ်ကောင်စီနဲ့ ညှိလိုက်လို့ ထွက်လို့ရတာ ဖြစ်မယ်၊ အဲ့ဒီ့ညက(ဧပြီ ၈ ရက်) ခါနန်ရွာဘက်ကနေ တရုတ်ဘက်ကို ဝင်ရတာ၊ တချို့ကတော့ ခါနန်ခိုးဝင်ပေါက်လို့လည်း ခေါ်ကြတယ်၊ တိုက်ပွဲမဖြစ်ဘူး။ စစ်ကောင်စီတပ်လုံးဝကင်းစင်သွားပြီ၊ လွယ်ဂျယ်တစ်မြို့လုံးကို KIA တွေ ထိန်းချုပ်လိုက်ပြီ၊ ထွက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို တရုတ်ကနေ မူဆယ်ဘက်ကို ပို့လိုက်တယ်လို့ ကြားတယ် ” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ခလရ ၁၄၂ စခန်းကို KIAက ရှင်းလင်းရေးဝင်ခဲ့ရာစစ်လက်နက်ပစ္စည်းများ၊ မြန်မာငွေကျပ် သိန်းပေါင်းငါးသောင်းခန့်နှင့် ရွှေချောင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ လက်နက်တွေလည်း အများကြီးဘဲ၊ မနေ့ကတည်းက နယ်မြေရှင်းလင်းရေး ဝင်တာလေ၊ ငွေတွေက မြေတိုက်ခန်းထဲက တွေ့တာ၊ နယ်စပ်ကုန်သွယ်ရေးကနေ ရတဲ့ငွေတွေ ဖြစ်မယ်၊ မြန်မာငွေတွေဆိုတော့ မသယ်နိုင်လို့ ထားခဲ့တာ ထင်တယ်” ဟု ၎င်းက ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိရာ လွယ်ဂျယ်မြို့ကို မတ် ၂၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီး၊ ဧပြီ ၄ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ အုပ်ချုပ်ရေးရုံးများ၊ ဌာနဆိုင်ရာရုံးများနှင့် နယ်စပ်ဂိတ်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့သည်။
“ လွယ်ဂျယ်ရော၊ မိုင်ဂျာယန်က ဒေသခံတွေကတော့ ပျော်နေကြပြီ၊ မြို့ထဲမှာက KIA နဲ့ ပြည်သူတွေပဲ ရှိတယ်။ စစ်ကောင်စီနဲ့ ပတ်သက်တာ ဘာမှမရှိတော့ဘူး” ဟု မိုင်ဂျာယန်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်မှစ၍ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်း၊ လွယ်ဂျယ်မြို့အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဧပြီ ၉ ရက်တွင် လွယ်ဂျယ်မြို့ကို ထိခိုက်ပျက်စီး ဆုံးရှုံးမှုမရှိဘဲ ထိန်းချုပ်နိုင်ခဲ့သည်။

