မန္တလေး အိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ နာယက ဦးဝင်းထိန်သည် အပူချိန်မြင့်တက်မှုကြောင့် အပူရှပ်သဖြင့် ယမန်နေ့( ဧပြီ ၉ရက်) ညပိုင်းက မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ မနေ့က အပူရှပ်လို့ ဆေးရုံတင်ထားရတာပါ၊ ကျတော်လည်း ဒီနေ့မနက်မှ သိရတယ်။ အခုတော့ သက်သာနေပါပြီ” ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တွင် အပူချိန် ဆိုးဆိုးရွားရွား မြင့်တက်နေခြင်းကြောင့် ဦးဝင်းထိန် အနေဖြင့် ကျန်းမာရေးမကောင်းအခြေအနေဆိုးရွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
“ ဧပြီ ၈ရက်နေ့လောက်က စပြီး မန္တလေးမှာ အပူချိန်က တော်တော်လေးကို မြင့်တက်နေတာပါ၊ မနေ့က(ဧပြီ ၉ရက်)ဆိုရင် အပူချိန်က ၄၂ဒီဂရီစင်တီဂရိတ်အထိကို ရှိတယ်။ အရမ်းကို ပူပါတယ်” ဟု မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောသည်။
အသက် (၈၃)နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ( ၅)ရက်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ – က ဖြင့် ထောင်ဒဏ် နှစ် (၂၀)နှစ် ချမှတ်ခံခဲ့ရကာ မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရခြင်း ဖြစ်သည်။

