စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို စွန့်ခွာလာသော စစ်သား၄ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသည့် စစ်သား၁ဦးနှင့် နောက်ထပ်၄ဦးတို့သည် ပြီးခဲ့သည့်လ ကတည်း က စစ်တပ်ကို စွန့်ခွာလာခဲ့ခြင်းဖြစ်ပြီး စစ်သား၄ဦးမှာ ယနေ့(ဧပြီ၁၀ရက်)အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံ PDFရဲဘော်အချို့ထံက သိရသည်။
“မတ်လ လောက်ကထွက်ပြေးလာတာပါ။ခံသာရွာမှာ တိုက်ပွဲဖြစ်တော့ စစ်တပ်ဘက်က အထိနာပြီး ကျောက်တန်းရွာဘက်ကို ပြန်ဆုတ်ပြီး တပ်ဖျောက်ထားချိန်မှာ ပြေးလာတာလို့သိရပါတယ်။သူတို့ စပြေးတုန်းကတော့ ၅ ယောက်။ ၄ယောက်က လမ်းပျောက်ပြီး မျက်စိလည်သွားတယ်လို့သိရတယ်။သူလည်း ရွာသားတချို့နဲ့တွေ့ပြီး ပကဖ၊ပအဖတွေချိတ်ဆက်ပြီး ကောလင်းခရိုင်တပ်ရင်း-၁ ကိုရောက်ရှိလာတာလို့သိရပါတယ်” ဟု ကောလင်းမြို့နယ်ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကပြောသည်။
အလင်းဝင်လာသည့် စစ်သားမှာ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူဖြစ်ပြီး ဧပြီ၅ရက်တွင် ကောလင်း PDF ထံ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“စစ်သား ၄ ယောက်သတင်းက တိတိကျကျ အတည်ပြုလို့မရပါဘူး။ပြန်ပဲ အဖမ်းခံရလား။လွတ်မြောက်ပဲသွားလား။ကျနော်တို့ အတည်ပြုလို့မရပါဘူး။သတင်း အစအန ကိုမရတာပါ” ဟု ကောလင်းခရိုင်တပ်ရင်း – ၁ မှ ရဲဘော် တစ်ဦး ကပြောသည်။
လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာသည့်စစ်သားကို ကောလင်းခရိုင်တပ်ရင်း-၁ က ဆုငွေ ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။
ယင်းစစ်သားသည် MA-2 သေနတ်၁လက်၊စက်သေနတ် ၁ လက်၊ကျည်ဆန် ၁၀၀၀ ၊ကျည်အိမ် ၆ ခု၊လက်ပစ်ဗုံး ၁ လုံးနှင့် နင်းမိုင်း ၁ လုံးတို့ ယူဆောင်လာကာ အလင်းဝင်လာခြင်းဖြစ်ကြောင်းသိရသည်။
ယင်းတပ်သားသည် ခလရ-၃၀၅ တပ်ရင်းမှဖြစ်ပြီး မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်၊ကျောက်ဆည်တက္ကသိုလ်တွင် မြန်မာစာ တတိယနှစ် တက်ရောက်နေစဉ် စစ်တပ်က အဆောင်ထဲအထိဝင်ရောက်ဖမ်းဆီးကာ အဓမ္မ တပ်သားစုဆောင်းခြင်းကို ခံခဲ့ရသူဖြစ်ကြောင်းသိရသည်။