စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကောင်စီနှင့်ပူးပေါင်း၍ အိမ်အရောင်းအဝယ်ပြုလုပ်နေသူကို ဧပြီ ၇ ရက်က လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း Dragon Brothers Task Force (DBTF)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါအမျိုးသားမှာ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ (၉)လမ်းတွင်နေထိုင်၍ အိမ်ခြံမြေလုပ်ငန်းကို စစ်ကောင်စီနှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်နေသော ကျော်စိုးသူဦးဆိုသူဖြစ်ပြီး ဖမ်းဆီးရမိစဥ်တွင် ၎င်းနှင့်အတူ ပစ္စတိုသေနတ်တစ်လက်နှင့် ၉ မမကျည်များသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ မုံရွာမြို့၊ သာစည်လမ်းပေါ်မှာဖမ်းခဲ့တာပါ။ အိမ်ဝယ်သူပုံစံ အသွင်ယူဖမ်းလိုက်တာ။ ခုခံတာမျိုးတော့မရှိဘူးဗျ။ ခုခံချိန်မရလိုက်တာပါ။ ကားထဲဝင်ရှာမှပစ္စတိုနဲ့ ၉ မမကျည်တွေကို ကားထိုင်ခုံအောက်ကတွေ့တာ” ဟု DBTF ၏ တာဝန်ခံရဲဘော်သားကြီးက MPA ကိုပြောသည်။
အဆိုပါဖမ်းဆီးမှုကို Dragon Brothers Task Force၊ မုံရွာမြို့တပ်ရင်း(၁၆)၊ ခွဲ(၃)နှင့် Chindwin Brothers တို့ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ဖမ်းဆီးရမိသည့်အမျိုးသားကို မြို့နယ်တာဝန်ရှိသူများထံ လွှဲအပ်ထားပြီးဖြစ်ကြောင်းသိရသည်။
“ ပျူတွေက ဟိုတလောကတော့ တော်တော်ဆိုးတယ်။ အခုတော့အသံသိပ်မကြားရသေးဘူး။ ခါတိုင်းဆိုရင်ကား ၆ စီးလောက်နဲ့ ထွက်တယ်။ ပြန်ပေးဆွဲတာတွေလည်းလုပ်တယ်။ ငွေနဲ့ပြန်ရွေးရတာ။ အခုတလောတော့ ပျူတွေကငြိမ်နေတယ်။ အိမ်တွေ သူခိုးခိုးခံရတာတွေပဲကြားနေရတယ်” ဟု မုံရွာမြို့တွင်နေထိုင်သည့်အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း မုံရွာမြို့ပေါ်မစ်ရှင်သွားသည့် PDF အဖွဲ့သည် စစ်ကောင်စီလှည့်ကင်းနှင့်တိုးကာ ပစ်ခတ်ခံခဲ့ရသဖြင့် ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးအရှင်ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။