ရခိုင်ပြည်နယ်အတွင်းသို့ ဆေးဝါးပစ္စည်းများသယ်ယူခြင်းကို စစ်ကောင်စီကကန့်သတ်ထားသောကြောင့် ဒေသတွင်းစစ်ဘေးရှောင်များနှင့် မြို့နေပြည်သူများ ဆေးဝါးပြတ်လပ်မှုနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ရှောင်ရတဲ့ နေရာတွေမှာက ရေသန့်ရှင်းမှုမရှိတာရော၊ ရေလုံလောက်မှု မရှိတာရောနဲ့ ယားနာတွေ ဖြစ်ကြတယ်။ ဆေးဝါးလည်းမရှိတော့ ယားနားအတွက် လိမ်းဆေးလည်း ရှာမရဘူး။ လိမ်းဆေးမရှိလို့ သောက်တဲ့ဆေးရှိလားဆိုတော့ သောက်ဖို့ဆေးလည်းမရှိဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောသည်။
လွန်ခဲ့သည့် ၆ နှစ်နီးပါးကာလဖြစ်သည့် ၂၀၁၈ -၂၀၁၉ ခုနှစ်မှ စတင်ကာ ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းအထိ စစ်ကောင်စီသည် အခြေခံစားသောက်ကုန်များနှင့်အတူ ဆေးဝါးသယ်ယူခွင့်ကို ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား အလွတ်သဘောဖြင့် အပစ်အခတ်ရပ်စဲပြီး ကုန်စည်တင်ပို့မည့် လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဆေးဝါးသယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း ရခိုင်ဒေသခံများကဆိုသည်။
“ရွှံ့ရေတွေကို ချိုးရတယ်။ ရွှံ့ရေတွေကို သောက်ရတယ်။ အစားအသောက်လည်း ငတ်တယ်။ ဆန်လည်းရှားတယ်။ စားသုံးကုန်တွေလည်း မလာနိုင်ဘူး။ စစ်တပ်ရဲ့ ဂိတ်တွေက ပိတ်ဆို့ထားတော့ စစ်ရှောင်တွေဆီကို ပစ္စည်းတွေက မရောက်ဘူး။ အကုန်လုံး ငတ်မွတ်ကြတယ်။ အခုက အကုန်လုံးကို ပိတ်ဆို့ထားတာ။ ဆေးတွေဆို ရှာမရအောင်ပဲ။ ပါရာစီတမော တစ်လုံးကို ငါးထောင်(၅,၀၀၀)အထိဖြစ်နေတယ်။ စစ်ရှောင်တွေမှာဆိုရင်လည်း ဝမ်းလျှောရင်တောင် သောက်ဖို့ဆေးမရှိဘူး။ ဓာတ်ဆားထုပ်ဆိုတာ ရှာလို့ကို လုံးဝမရတော့တာ”ဟု ရခိုင်ဒေသရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးကဆိုသည်။
စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင်ပါ ဆေးဝါးပြတ်လပ်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အတွင်းနေထိုင်သူများ တညီတညွတ်တည်းပြောသည်။
“စစ်တွေဆိုတာ စီးပွားရေး အချက်အချာကျတဲ့နေရာ။ ဒီလိုနေရာမှာတောင်မှ ဆေးဝါးအခက်အခဲကို တော်တော်လေး ရင်ဆိုင်နေရပြီ။ ကိုယ်လိုတဲ့ ဆေးဝါးကို မဝယ်နိုင်တော့ဘူး။ ငွေကြေးတက်နိုင်တာတောင် ဝယ်လို့ မရတော့တဲ့ အနေအထား။ ရန်ကုန်ကိုမှာရတယ်။ အဲ့ဒီတော့ စားရိတ်က မသက်သာလှဘူး။ လမ်းကြောင်း ကန့်သတ်ချက်တွေလည်းရှိတော့ မှောင်ခိုသဘောမျိုးနဲ့ ပြန်သယ်ရတယ်။ အဲ့ဒီအတွက် သယ်ယူခကလည်း သိန်းနဲ့ချီရှိတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ရှင်းပြသည်။
လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကလည်း “ဒီလိုဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေရချိန်မှာ ဆေးဝါးလိုအပ်ချက်က အရေးပေါ်အခြေအနေဖြစ်နေတာ။ ကန့်သတ်ပစ္စည်းအဖြစ် ဆက်ထားတာဟာ မဖြစ်သင့်ဘူး။ စစ်ဘေးကြောင့် အသက်သေဆုံးရမှုအပြင်ကို စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် ဆေးဝါးတွေပြတ်လပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုမရတာတွေဟာ စစ်ကောင်စီအနေနဲ့ လူမျိုးတုန်းသတ်ခြင်းဆိုတဲ့ လမ်းစဉ်ကို ကျူးလွန်နေတာဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။
၁၀၂၇ စစ်ဆင်ရေးကာလ တကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့် ပိတ်ဆို့ထားပြီး ယင်းဒေသတွင်းရှိ ဒေသခံများအပါအဝင် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကုန်စည်ပြတ်လပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။