ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်လေဆိပ်မှ ယမန်နေ့ည ၁၀ နာရီက ထွက်ခွာသွားသည့် မြန်မာဘက်မှ လေယာဉ်ပေါ်တွင် လက်နက်မဲ့ အရပ်သားများ ပါသွားကြောင်း ထိုင်းဝန်ကြီးချုပ်က ယနေ့တွင် အတည်ပြုလိုက်သည်။
ထိုင်းသတင်းဌာနအချို့၏ ဖော်ပြချက်တွင်လည်း လေယာဉ်ပေါ်တွင် စစ်သားနှင့် လက်နက်များ မပါရှိကြောင်း သိရှိရသည်။ လက်ရှိတွင် တိုင်းနယ်စပ်၊ မြဝတီမြို့အနီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်များ လက်နက်ချလာသည့် အခြေအနေများ ရှိနေသည်။
ထိုင်းသတင်းဌာန Khaosad ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ မနက်ဖြန်တွင် (ဧပြီ ၉ ရက်) မြန်မာစစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က အတည်ပြုသည်ဟုဆိုသည်။
ထိုင်းဝန်ကြီးချုပ်သည် ၂၀၂၁ တွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် လက်ရှိတွင် အားနည်းလာပြီဖြစ်သည့်အတွက် ဆွေးနွေးမှုတွေ စတင်ရန် အချိန်ကောင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။
ထိုင်းဝန်ကြီးချုပ်၏ အသိပေးချက်အရ ဆွေးနွေးမှုကို မြန်မာစစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦး သို့မဟုတ် ၆ ဦးနှင့် တွေ့ဆုံသွားမည်ဖြစ်သည်ဟု အသိပေးထားသည်။