ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ယနေ့(ဧပြီ ၆ရက်)၊ နံနက် ၁၁နာရီခန့်မှ စတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း တချို့ပြတ်တောက်လျက်ရှိကြောင်း ဒေသခံများ၏ မိသားစုများထံမှ စုံစမ်းသိရှိရသည်။
မည်သည့်အတွက်ကြောင့် ဖုန်းလိုင်းများ ပြတ်တောက်သွားသည်ကို အတိအကျ မသိရှိရသော်လည်း လက်ရှိဖြစ် ပွားနေသည့် တိုက်ပွဲ အခြေအနေများနှင့် ဆက်စပ်နိုင်သည်ဟု မြဝတီ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“၁၁ နာရီလောက်မှာ အက်တန်၊ အော်ရီဒူး၊ မိုင်တယ်လ် ဘာမှမရတော့ဘူး၊ အမ်ပီတီ တစ်ခုတော့ မိနေသေးတယ်။ ဘယ်အချိန်ပြတ်မလည်းတော့မသိဘူး” ဟု အဆိုပါ အမျိုးသမီးက ထပ်မံပြောသည်။
လက်ရှိအချိန်တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များသည် မြဝတီမြို့နယ်နှင့် ကော့ကရိတ် မြို့နယ်အစပ် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တို့ကို ဧပြီ ၅ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။
“အခုသတင်းတွေ ထွက်နေတယ် မြဝတီရဲ့ မြို့စောင့်တပ်ပေါ့ ခလရ ၂၇၅ နဲ့ မြို့တွင်းမှာရှိတဲ့ ရဲစခန်းတစ်ခုရယ်၊ အဲ့ရှေ့က ရှေ့တန်းရုံတို့ တိုက်ဖို့ ပြင်နေတယ်ဆိုပြီး ဟုတ်မဟုတ်တော့မသိဘူး၊ အိမ်နဲ့က မနက် ၇ နာရီလောက်မှာ အဆက် အသွယ်ရသေးတယ်။ အဲ့ဒီအချိန်ထိတော့ အေးဆေး ဘာသံမှ မကြားရသေးဘူးပြောတယ်၊ အဲ့ဒီနောက်ပိုင်း အခု နေ့လယ် ၁၂ ကျော်ထိကို မရတော့တာ”ဟု တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ၎င်း၏ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားပုံကိုပြောပြသည်။
ရန်ကုန်တွင် နေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကလည်း “အမျိုးသားက ၁၀ နာရီခွဲလောက်က ဖုန်းဆက်လာတယ်။ သူ့ဖုန်းက လိုင်းလုံးဝမရတော့ဘူး ဘာဖြစ်တာလဲမသိဘူးတဲ့၊ အခုသူများဖုန်းနဲ့ဆက်တာပေါ့၊ အဲ့ဒါတောင် အသံက ပြတ်တောင်းပြတ်တောင်းနဲ့ မနည်းနားထောင်ရတယ်၊၏။ ချပြီး ပြန်လည်းခေါ်ရော အခုချိန်ထိ ဆက်သွယ်မရတော့ပါဖြစ်သွားပြီ”ဟု ဆိုသည်။
မြဝတီမြို့ မြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ KNLA ဦးဆောင်သော တော်လှန်ရေးတပ်ထံ လက်နက်ချသွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးပေ။