မန္တလေးမြို့၊ မဟာအောင်မြေခရိုင် လဝက ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပြည်သူ ၂ဦး သေဆုံးကြောင်း သိရသည်။
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ကျွဲဆည်ကန်- ၁ လမ်းရှိ မဟာအောင်မြေခရိုင် လဝကရုံးတွင် ယနေ့( ဧပြီ ၅ရက်) မွန်းလွဲ ၁၂နာရီခွဲဝန်းကျင်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုမြို့နယ် လဝကမှူးအပါအဝင် ဝန်ထမ်း၃ဦး နှင့် ပြည်သူ ၄ဦးတို့လည်း ဒဏ်ရာရ ခဲ့ကြောင်း ဒေသခံအချို့ ထံက သိရသည်။
“ ဗုံးပေါက်တဲ့အချိန် မှတ်ပုံတင်လာလုပ်နေတဲ့သူတွေလည်းရှိတယ်။သေတဲ့ ၂ ယောက်ကဦးခေါင်းကို ဗုံးစမှန်ပြီးသေတာ။ ပေါက်ကွဲတာဖြစ်ပြီးတော့ စစ်သားနဲ့ရဲတွေလမ်းပိတ်ထားလိုက်ကြပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
ယင်းခရိုင်လဝကရုံးထဲသို့ ဆိုင်ကယ်စီးလာသူ အမျိုးသား၂ ဦးက ဗုံးပစ်သွင်းသွားခြင်းဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်တို့က ဖော်ပြသည်။
“ ထိတဲ့သူများတယ်၊လူနာတင်ကားတွေ အများကြီးနဲ့ တစ်စီးကို ၂ယောက်လောက်တင်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
မဟာအောင်မြေခရိုင် လဝကရုံးဗုံးကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်သလဲဆိုသည်ကို အတည်မပြုနိုင်သေးပေ။
“ကျနော်တို့မန္တလေးကပဲ မိတ်ဆွေ ရဲ၂ပွင့် ပြောတာကတော့ အရင်က PDF တွေ ဗုံးပစ်ဖူးတဲ့နေရာမျိုးတွေမှာ ပြည်သူတွေ ထိခိုက်အောင် စစ်တပ်က ဖောက်ခွဲတာတွေ လုပ်မယ်လို့ အတွင်းသတင်းသိရတယ်လို့ပြောတယ်။အခု ခရိုင်လဝကရုံးကို စစ်တပ်က လုပ်၊မလုပ်တော့ အပြတ် မပြောနိုင်ဘူး” ဟု အသက်၅၀အရွယ်ရှိ မန္တလေးမြို့သားတစ်ဦးကပြောသည်။
လဝကရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်သားနှင့်ရဲတို့က မန္တလေးမြို့တွင်းရှိ နေရာအချို့တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။