မန္တလေးတိုင်း၊ မန္တလေးမြို့တွင် လျှပ်စစ်မီးဖြန့်ဝေနေမှုသည် ရေတင်ရန်ပင် အချိန်လုံလောက်မှုမရှိသဖြင့် ပြည်သူများအခက်ကြုံနေကြရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
မန္တလေးမြို့တွင် တစ်ရက်လျှင် လျှပ်စစ်မီးကို လေးနာရီပေး၊ ရှစ်နာရီပျက် အစီအစီဉ်ဖြင့် တစ်နေ့လျှင် လျှပ်စစ်မီး ၈နာရီပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာထားသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ ရှစ်နာရီခြား တစ်ခါသာလျှပ်စစ်မီးပေးနေခြင်းဖြစ်သည်။
ထိုကဲ့သို့ ရှစ်နာရီခြား တစ်ခါလျှပ်စစ်မီးပေးနေသော်လည်း မီးလာချိန်သည် အများဆုံး ဆယ့်ငါးမိနစ်သာရှိသဖြင့် မန္တလေးမြို့ခံများ ရေတင်ရန် အချိန်လုံလောက်စွာပင် မရရှိခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ ရှစ်နာရီခြားပေးနေတာ သုံးလလောက်ရှိပြီ၊ ပေးချိန်ကလဲမမှန်ဘူး။ ညနေ ၄နာရီလာလိုက်၊ ည၁၂ နာရီလာလိုက်၊ပျက်ချိန်မှတ်လို့ကိုမရဘူး။ ခဏပဲလာတော့ ရေတင်ချိန်က မရှိနဲ့၊ ရေပြတ်တာတွေ ဖြစ်နေကြပြီ ” မဟာအောင်မြေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
မန္တလေးမြို့ရှိ ပြည်သူများသည် ရေတွင်းမှရေကို လျှပ်စစ်မီးဖြင့် ရေပြန်တင်ကာ အသုံးပြုနေကြရသောကြောင့် လျှပ်စစ်မီး ပုံမှန် မရသည့်အခါ ရေတင်ရန်ပင် အချိန်လုံလောက်မှုမရှိသဖြင့်အဆင်မပြေဖြစ်နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
နေအိမ်တစ်အိမ်လျှင် သောက်သုံးရေ လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေတင်ရန် ကြာချိန် ၂နာရီမှ ၃နာရီကြားဖြစ်ပြီး လျှပ်စစ်မီးမှာ ၁၅မိနစ်ခန့်သာ လာကာ ပြတ်တောက်သွားသည့် အချိန်များလည်း ရှိသောကြောင့် ထိုကဲ့သို့ အခက်ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။
“ မန္တလေးမှာဆို အခု ရာသီဥတုက အတော်ပူတယ်၊ နေပူရတဲ့အထဲ မီးကပျက်၊ မီးပျက်တော့ ရေပါတင်မရနဲ့ ရေပါ ပြတ်၊ မိသားစုဝင်များတဲ့သူတွေဆို တော်တော်လေး အခက်တွေ့နေကြပါတယ် ” ဟု ချမ်းမြသာစည်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
“ နွေရာသီမှာဆို ရေက ပိုသုံးဖြစ်တယ်လေ၊ အနည်းဆုံး သောက်ရေကအစ ပိုကုန်တယ်။ ရာသီဥတုကပူတော့ ရေမချိုးလို့လည်း မရ၊ တစ်နေ့ကို ရေတစ်ခါချိုးရဖို့ကို မလွယ်ဘူး။ အိမ်မှာ ရေမတင်လိုက်ရလို့ သူများအိမ်မှာ သွားချိုးရတဲ့အခါမျိုးတွေလည်း ရှိတယ် “ ဟု ချမ်းအေးသာစံမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် မန္တလေးမြို့နယ် နေရာအနှံ့အပြားတွင် ရေပြတ်လပ်နေမှုများ ဖြစ်ပေါ် နေသောကြောင့် ပရဟိအသင်းများမှ ရေသယ်ယာဉ်များဖြင့် ရေများ လိုက်လံလှူဒါန်းပေးလျှက်ရှိသည်။
“ အရင်ကဆို ၂ခေါက် ပို့ရတယ်။ အခုဆိုမနက်မိုးလင်းကနေ တစ်နေ့ကို ၁၀ခေါက်၊ ၁၂ ခေါက်လောက်ကို ပို့ပေးနေရတယ်။ မြို့နယ် အစုံပါပဲ၊ လျှပ်စစ်မီး မမှန်တာကြောင့်ရော အပူလှိုင်းဖြတ်နေကြောင့်ရောဆိုတော့ ရေပြတ်တောက်မှုတွေ ဖြစ်နေတာပါ “ ဟု ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့် မြို့နယ်များထဲတွင် အခြေခံလူတန်းစားများ အများစုနေထိုင်သည့် မဟာအောင်မြေမြို့နယ်မှာ အဆိုးရွားဆုံးဖြစ်ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။