မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်စစ်ကောင်စီတပ်၏ ရိက္ခာပို့စစ်ကြောင်းက ကျေးရွာ ၄ ရွာအားမီးရှို့ဖျက်ဆီးကာ နေအိမ်မီးဝင်ငြှိမ်းသတ်သည့် အရပ်သားတစ်ဦးကိုလည်းသတ်ဖြတ်သွားကြောင်း wetlet informational network တာဝန်ရှိသူထံမှ သိရသည်။
ဝက်လက်မြို့နယ်အတွင်းသို့ရိက္ခာပို့ရန် မတ္တရာမြို့နယ်အနောက်ခြမ်းမှ ဧရာဝတီမြစ်ကိုကူး၍ ဖြတ်သန်းလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၃၀ မှ ဧပြီလ ၁ ရက်အတွင်း ကျေးရွာလေးရွာထက်မနည်းကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိန်ပင်စောက်ကျေးရွာရှိ နေအိမ် ၇၅ လုံး ၊ မြွေကူတို့ဆိပ်ရွာက နေအိမ် ၅ လုံး၊ ဥဒိန်ကျေးရွာက နေအိမ် ၆၇ လုံးနှင့် ဘမြွေတဲအုပ်ရွာက နေအိမ် ၄ လုံး တို့ပျက်စီးခဲ့ရကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ကမီးရှို့ခဲ့သည့် မြွေကူတို့ဆိပ်ကျေးရွာရှိ နေအိမ်အားမီးငြှိမ်းသတ်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။
“ စစ်ကြောင်းက ၃၀ ရက်နေ့ကဝင်ပြီး ၃၁ မှာရှို့တာပေါ့၊ အသတ်ခံရတဲ့တစ်ယောက် အသက် ၅၅ နှစ်လောက်ရှိတယ်၊ အိမ်ကိုမီးဝင်ငြှိမ်းရင်းစစ်ကြောင်းကတွေ့ပြီးပစ်သတ်သွားတာ နောက်တစ်ယောက်ကတော့ အစက ပစ်သတ်သွားတယ်ထင်တာ နောက်မှ အလောင်းလဲရှာမတွေ့ဘဲပျောက်နေတော့ စစ်ကြောင်းကပဲဖမ်းသွားတာလား၊ သတ်ပြီးဖျောက်ခဲ့တာလားမသိဖြစ်နေတာ” ဟု wetlet informational network တာဝန်ရှိသူက ဆိုသည်။
ပျောက်ဆုံးနေသည့် အမျိုးသားသည် ဥဒိန်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့် သတင်းမှမကြားရသေးကြောင်းသိရသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာသို့ရောက်ရှိနေပြီး မတ်လ ၃၁ ရက်ကလည်း အဆိုပါကျေးရွာအနီးတဝိုက်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်းသိရသည်။
![](https://mpapress.com/wp-content/uploads/2024/04/signal-2024-04-04-143942_002-1024x583.jpeg)
![](https://mpapress.com/wp-content/uploads/2024/04/signal-2024-04-04-143942_003-1024x579.jpeg)
![](https://mpapress.com/wp-content/uploads/2024/04/signal-2024-04-04-143942_004-1024x547.jpeg)