မကွေးတိုင်း ၊ပေါက်မြို့နယ် အတွင်းရှိ ကပစ- ၂၄ ကို ရှော့တိုက်ဒုံး ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ရာ စက်ရုံတွင်း ပျက်စီးမှုများရှိကြောင်း သိရသည်။
ဧပြီ ၂ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ် ခန့်တွင် ပေါက်မြို့နယ်ရှိ ကပစ- ၂၄ ကို ၁၀၇ (မမ) ရှော့တိုက် ဒုံး ၅ လုံးဖြင့် အနီးကပ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့အချို့ထံက သိရသည်။
“ ရှော့တိုက်ဒုံး ကတော့ ၅ လုံးပါ။ စက်ရုံတွင်းထဲကို ပစ်ထည့် တာ ဖြစ်ပါတယ်။ အထိအခိုက် အသေးစိတ်ကိုတော့ သေချာ မသိရသေးပါဘူး” ဟု ပေါက် ပကဖ အဖွဲ့၀င် ရဲဘော် တစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ( ပကဖ )၊ ဗိုလ်လရောင် အဖွဲ့ နှင့် Freedom Revolution Force (FRF) အထူးတာ၀န် တပ်ဖွဲ့ – ၂ တို့ ပူးပေါင်းဆင်နွှဲ ခဲ့ခြင်း ဖြစ်သည်။
အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ကပစ- ၂၄ အတွင်းရှိ အဆောက်အအုံများ ထိခိုက်မှု ရှိပြီး စစ်သားများထိခိုက်မှုကိုမူ စုံစမ်းဆဲ ဖြစ်ကြောင်း သိရသည်။
“ အဲနားက ပြည်သူတွေ ထောက်ကြည့်(သတင်းစုံစမ်းခြင်း) တာတော့ ဆွမ်းသွပ် တာ ဘာညာ လုပ်တာ မြင်တယ်ပြောတယ်။အ ခုတိုက်ခိုက်လို့ သေတာလား၊ ဘာလားတော့ သေချာ မသိရဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယခင်က ကပစ -၂၄ အနီးတွင် ၁၂၂ (မမ) လက်နက်ကြီး အထိုင်ချထားကာ အနီးရှိ ကျေးရွာများ သို့ အချိန် မရွေး ပစ်ခတ်ခဲ့ကြောင်း ယင်း လက်နက်ကြီး ပြောင်းကွဲသွားပြီးနောက် မိုးကောင်း တောင်ပေါ်နှင့် ဆူးပုတ်ခုံ ပျူစောထီးရွာတို့မှ သာ လက်နက်ကြီးဖြင့် ပစ်ခတ်တော့ကြောင်း ၎င်းကပြောသည်။
ကပစ- ၂၄ ထဲသို့ ရှော့တိုက်ဒုံး ကျရောက်ပြီးနောက် ယင်းစက်ရုံ အနောက်ဘက်ရှိ ကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ အုန်းမှင်ရွာနှင့် ကျောက်တံခါးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူ ၃ဦး ဒဏ်ရာရ၍ နွား ၄ကောင် သေဆုံးခဲ့ကြောင်း သိရသည်။