ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ဘက်ခြမ်းရှိ ညောင်လေးပင်ရွာနှင့် ရေပူရွာသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူ ၈၀၀ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၁ရက်တွင် အင်းလေးကန်တောင်ဘက်ခြမ်းသို့ စစ်သားနှင့် PNOပြည်သူ့စစ်များသည် အင်အားတိုးချဲ့ပြီး နောက် ဧပြီ ၁ရက်တွင် ညောင်လေးပင်ရွာနှင့် ဧပြီ ၂ရက်နေ့တွင် ရေပူရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ ရေပူက အိမ်ခြေ ၂၀၀ လောက်ရှိတယ်။ ညောင်လေးပင်က ၈၀ ကျော်မယ်၊ နှစ်ရွာပေါင်း လူဦးရေ ၈၀၀လောက်ရှိတယ်။ လက်နက်ကြီးနဲ့ ညောင်လေးပင်ရွာကို နှစ်ကြိမ်ပစ်တယ်။ ရေပူရွာကို သုံးကြိမ်ပစ်တယ်။ ပြီးတော့ ရေပူရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားတော့ ဒေသခံတွေလည်းမနေရဲဘဲ ရှောင်နေကြရတာ” ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ညောင်လေးပင်ရွာနှင့် ရေပူရွာမှ ပြည်သူ ၈၀၀ခန့်သည် အင်းလေးကန်မြောက်ခြမ်းနှင့် အနောက်ခြမ်းများသို့ တိမ်းရှောင်နေရကြောင်း ရေပူရွာ ဒေသခံတစ်ဦးက MPAသို့ပြောသည်။
“ တချို့ကအမျိုးအိမ်မှာနေကြတယ်။ တချို့ကဘုန်းကြီးကျောင်း၊ တချို့က မိုးကာတဲနဲ့နေကြတယ်။ လက်ရှိတော့ ပါလာတာနဲ့စားသောက် နေကြသေးတော့ အစားအသောက်ကတော့အဆင်ပြေသေးတယ်။ ကြာရင်တော့မသိဘူး” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ် ၂၂ရက်ကလည်း ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နန်းတုန်၊ ကုန်းသာ၊ အိမ်မှု၊ တောင်ပို့ကွဲတောင်၊ မြောက်၊ ဟိုပန်ရှေ့နှင့် နောက်ကျေးရွာများမှ ပြည်သူ ၃၀၀ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။