ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်က လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့(ဧပြီ၃ရက်)နံနက် ၇နာရီခန့်မှစတင်ပြီး မိုးဗြဲမြို့အခြေစိုက် ခမရ- ၄၂၂တပ်ရင်းအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးဗြဲမြို့နေပြည်သူတစ်ဦးက ပြောသည်။
“ ဒီနေ့မနက်က မိုးဗြဲအခြေစိုက် ၄၂၂တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်နေတယ်လို့ ကြားတယ်။မိုးဗြဲက ပြည်သူတွေလည်း ထိုင်းဘက်ခြမ်းကို ပြေးနေကြပြီ” ဟု ၎င်းက ပြောသည်။
လွိုင်ကော်အခြေစိုက် ခလရ -၅၄တပ်ရင်းမှ နေ၍ မိုးဗြဲမြို့ရှိ တိုက်ပွဲဖြစ်ပွားရာအရပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဒီနေ့ နေ့လယ် ၁၂နာရီလောက်က လွိုင်ကော် ၅၄တပ်ရင်းကနေ လက်နက်ကြီးနဲ့ မိုးဗြဲကို ပစ်ကူပေးတယ်။တာဝေးပစ်ဒုံးတွေနဲ့ ပစ်ကူတာပေါ့။နေ့လယ် ၃နာရီလောက်မှာ တိုက်ပွဲငြိမ်သွားတယ်။တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အဆက်အသွယ်က လိုင်းရော၊ဖုန်းရော ဆက်မရတဲ့အခြေအနေမို့ သေချာမသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့၊ မိုင်းလုံးရထားလမ်း ညာဘက်ခြမ်းရှိ ခလရ- ၅၄ တပ်ရင်းသည် လွိုင်ကော်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နှင့် အနီးကပ်ဆုံးတပ်ရင်းဖြစ်ပြီး လေကြောင်းမှနေ၍ လူ၊ လက်နက်နှင့် ခဲယမ်းဖြည့်တင်းရာ၌ အဓိက အသုံးပြုနေသည့် တပ်ရင်းဖြစ်ကြောင်း MPAက စုံစမ်းသိရသည်၊၊
မိုးဗြဲမြို့တွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသဖြင့် မိုးဗြဲမြို့နေ ပြည်သူ ၁၀၀ကျော်တို့သည် ထိုင်းနိုင်ငံ၊မယ်ဟောင်ဇာမြို့ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့ညနေလောက်ကတည်းက မိုးဗြဲက ပြည်သူအချို့ တိမ်းရှောင်ကြတယ်။ဒီနေ့မနက် မိုးဗြဲမှာ တိုက်ပွဲပြန်စတော့ လေကြောင်းနဲ့ ဗုံးလာကြဲမှာစိုးလို့ ပြည်သူတွေပြေးကြတာ။ပြည်သူအရေအတွက် ရာဂဏန်းပါပဲ။ဘာလို့ဆို တချို့က မြို့ကို ပြန်မလာရဲလို့ စစ်ရှောင်စခန်းမှာပဲနေကြတယ်။အခုက မြို့ထဲပြန်လာနေတဲ့သူတွေ ပြန်ပြေးကြတာပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ဖုန်းလိုင်းများ ဖြတ်တောက်ထားရုံတင်မက အင်တာနက်လိုင်းများပါ ပိတ်ထားကြောင်း သိရသည်။