မကွေးတိုင်း၊ မြိုင်မြို့ပေါ်၌ရော ကျေးလက်တွင်ပါ စစ်မှုထမ်း ဥပဒေ အသက်မဝင်ကြောင်း သိရသည်။
မြိုင်မြို့နယ်ရှိ ကျေးရွာများကို ဒေသခံတော်လှန်ရေးတပ်များက စိုးမိုးထားနိုင်ခြင်းကြောင့် စစ်မှု ထမ်းရန်အတွက် လူငယ်များအား ဆင့်ခေါ်ခြင်းနှင့် စစ်တပ်က အင်အားသုံးကာ ပေါ်တာဆွဲခေါ်နိုင် ခြင်းမရှိကြောင်းမြိုင် မြို့ပေါ်တွင်လည်း ဒေသခံပြည်သူ အနည်းငယ်သာ ကျန်ရှိသဖြင့် စစ်မှုထမ်းဟောင်းများကိုသာ စစ်မှုပြန်ထမ်းခိုင်းရန် ပြင်ဆင်နေကြောင်း ပခုက္ကူခရိုင် PDF တပ်ရင်း -၁၅ တာဝန်ခံကပြောသည်။
“ ကျနော်တို့ နယ်ဘက်ကျ အသက်ဝင်တယ်လို့ပြောလို့မရဘူးဗျ။ စိုးမိုးနယ်မြေက ပြည်သူ့ဘက်က စိုးမိုးထားတာကို။ စိုးမိုးထားတော့ကျ အသက်ဝင်မှုမရှိဘူးဗျ။ မြို့ပေါ်မှလည်း လူကနည်းသွားတော့ကျ အသက်ဝင်မှုအား နည်းသွားတယ်ဗျ” ဟု ၎င်းကပြောသည်။
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာတွင်မူ ၄၉နှစ်အရွယ်အထိ စစ်မှုထမ်းရမည်ဟု စစ်တပ်က ကြေငြာထားကြောင်း ၎င်းကပြောသည်။
မြိုင်မြို့ပေါ်ရှိ ပြည်သူများသည် စစ်မှုထမ်းဥပဒေ မပြဌာန်းခင်ကတည်းကပင် အခြားသော ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သဖြင့် စစ်မှုထမ်းစာရင်းကောက်ယူရန်ပင်မလုပ်နိုင်ကြောင်း မြိုင်မြို့နယ် အရှေ့ပိုင်းပိုင်းဇုန်၊ တိုက်နယ်- ၃ ပကဖ ကိုလက်ပွားကပြောသည်။
“ မြိုင်မြို့ပေါ်ကျ စာရင်းကောက်လောက်တဲ့အနေအထား ပြည်သူကမရှိဘူး။ အရင်ကတည်းက ထွက်ပြေးကြတာပေါ့။ စကစနဲ့ ပတ်သက်တဲ့ ပျူဘာညာ ကျန်ခဲ့တာ ဆိုတော့ စာရင်းကောက်စရာဘာညာ အထွေအထူးမရှိလောက်ဘူး” ဟု ၎င်းကပြောသည်။
PDF စိုးမိုးထားသည့် နယ်မြေများတွင် စစ်ကြောင်းဝင်ရောက်လာပါက ထွက်ပြေးတိမ်းရှောင်ကြရန်နှင့် စစ်ကြောင်းနှင့်တိုးပါက လူငယ် လူရွယ်များဆိုလျှင် ဖမ်းဆီးသွားနိုင်ကြောင်း၎င်းကပြောသည်။
“ စစ်ကြောင်းသဘောမျိုးနဲ့တော့ လုပ်လာနိုင်တယ်။ မတော်လို့ တောသွားတောလာ မိသွားလို့ အရွယ်ကောင်းတွေဆိုရင်တော့ ဆွဲသွားနိုင်တာပေါ့” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီးနောက် မြို့နယ် ပေါင်း ၁၇၂ မြို့နယ်၌ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ခဲ့ ကြောင်း Data for Myanmar ၏ မတ်လ ၂၂ရက်နေ့အထိ စုစည်းထားသည့်အချက်အလက်များအရ သိရသည်။