ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ဧပြီ(၁)ရက်နှင့် (၂)ရက်တို့တွင် ၂ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ(၁)ရက်နေ့တွင် တိုက်နယ်အမှတ်(၂)ကို နံနက် ၁ နာရီခွဲအချိန်တွင် (၂)ကြိမ်၊ နံနက် ၉ နာရီခွဲအချိန်ခန့်နှင့် ၁၁ နာရီခွဲအချိန်ခန့်တို့တွင် (၁၀)ကြိမ်ထက်မနည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ စက်သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဧပြီလ၂ ရက်တွင် တိုက်နယ်အမှတ်(၁၃)ကို မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဂျက်ဖိုက်တာဖြင့် (၁၀)ခန့် ဗုံးကြဲချ၍ စက်သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီခွဲအချိန်တွင်လည်း တိုက်နယ်အမှတ် (၁၄)ကို ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF(မင်းတပ်)တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
“ ၁ ရက်နေ့မနက်ပိုင်း တိုက်ခိုက်မှုကတော့ လူနေအိမ်တစ်လုံးပျက်စီးတယ်။ နေ့လယ်ပိုင်းမှာ ပြန်ကြဲတာကတော့ အဆောက်အဦး ၄ လုံးပျက်စီးသွားတယ်ဗျ။ ပြီးရင် မနေ့က ၂ ရက်နေ့မှာ တိုက်ခိုက်တာကတော့ ကျွန်တော်တို့လည်း ဖုန်းလိုင်းတွေအကုန်ပြတ်တောက်နေတော့ အကုန်လုံးကိုသေချာမသိရသေးဘူး။ ဒါပေမယ့် ၅ ယောက်တော့ဒဏ်ရာရတယ်လို့ ပြောကြတယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
မင်းတပ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း CDF(မင်းတပ်)အပါအဝင် ချင်းညီနောင်(၃)ဖွဲ့နှင့် မဟာမိတ်တပ်များက ကျင်ဒွေးမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေရာ ၎င်းစစ်ဆင်ရေးနှင့်ပတ်သက်၍ စစ်ကောင်စီကမင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်း ဖြစ်နိုင်ကြောင်း CDF(မင်းတပ်)တာဝန်ရှိသူက သုံးသပ်သည်။
“ ကျွန်တော်တို့ မင်းတပ်မြို့ကို ပြန်ထိန်းချုပ်နိုင်အောင် ဆက်ပြီးလုပ်ဆောင်သွားဖို့လည်းရှိတဲ့အတွက် သူတို့(စကစ) အဲ့ဒီသတင်းတွေရပြီးမှ အခုလိုတိုက်ခိုက်တယ်လို့လည်း ယူဆရပါတယ်ဗျ” ဟု ၎င်းကဆိုသည်။
ယင်းအပြင် ဧပြီ ၁ ရက်၊ ည(၁၀)နာရီအချိန်ခန့်ကလည်း မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်တွင် လူနေအိမ်များ မီးမတော်တဆမှုဖြစ်ပွားခဲ့ပြီး အချိန်မီငြှိမ်းသတ်နိုင်ခြင်းမရှိခြင်းကြောင့် နေအိမ်(၈)လုံးခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။
“ အကြောင်းအရင်းတော့မသိရဘူး။ မတော်တဆမီးလို့တော့ ထင်ရပါတယ်။ အဲ့ဒီမှာ ပစ်ခတ်မှုသော်လည်းကောင်း ဘာမှမရှိဘဲနဲ့လေ။ ရုတ်တရက်ထလောင်လာတာဆိုတော့။ နေအိမ်ပျက်စီးမှုကတော့ ၈ လုံးလောက် မီးလောင်သွားတယ်လို့ပြောတယ်ခင်ဗျ” ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဆလိုင်းယောမာန်က MPA ကိုပြောသည်။
၂၀၂၄ ခုနှစ်အတွင်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၆)ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၄ ဦးသေဆုံး၍ ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုရားကျောင်းနှင့်စာသင်ကျောင်းများအပါအဝင် အဆောက်အဦး ၄၀ ခန့် ပျက်စီးခဲ့ရကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ဧပြီ ၃ ရက်တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာ ၆ စင်းဖြင့် မင်းတပ်မြို့နယ်ကိုဖြတ်၍ ကျင်ဒွေးမြို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မင်းတပ်ဒေသခံပြည်သူများအနေဖြင့် လေကြောင်းသတိရှိကြရန်နှင့် ဗုံးခိုကျင်းများကို ပိုမိုခိုင်ခံ့စွာတူးထားကြရန် CDF(မင်းတပ်)တာဝန်ရှိသူက သတိပေးပြောကြားထားသည်။





