ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ရဲဘော်အသစ်များ အရေအတွက် အကန့်အသတ်မရှိ ခေါ်ယူလက်ခံလျက်ရှိကြောင်း PNLA ၏ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
အသက် ၁၈ နှစ်ပြည့်ပြီး စစ်အာဏရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက်ချင်သည့်စိတ်ရှိသောသူများကို လူမျိုးမရွေး၊ ဘာသာမရွေး အကန့်အသတ်မရှိ လက်ခံပေးနေကြောင်း PNLA ၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“တော်လှန်ရေးဆိုတာ တိုက်ခိုက်ရေးတစ်ခုတည်းမဟုတ်ပါဘူး။ တိုက်ခိုက်ရေး၊ ဆေးတာဝန်၊ ထောက်ပို့၊ ဆက်သွယ်ရေး၊ ဒရုန်းနည်းပညာစသဖြင့် ကဏ္ဍအများကြီးရှိပါတယ်။ ကိုယ်နဲ့ကိုက်ညီရာ ကိုယ်ဝါသနာပါရာ ကဏ္ဍတွေမှာ ဝင်ရောက်ပြီး တော်လှန်ရေးအလုပ်ကို ထမ်းဆောင်နိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
တော်လှန်ရေးတာဝန်များကို ထမ်းဆောင်သည့်အခါ မိမိအိမ်တွင် နေထိုင်သကဲ့သို့ သက်တောင့်သက်သာဖြစ်မည်မဟုတ်ကြောင်း စိတ်ဓာတ်ကြံ့ခိုင်သန်မာရန် လိုအပ်ကြောင်းလည်း ခွန်ရိန်းယံက ဆိုသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံအနှံ့အပြားရှိ လူငယ်များသည် စစ်ကောင်စီ၏ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းကို ရှောင်ရှားသည့်အနေဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ မိမိတို့သွားချင်သည့် အဖွဲ့များထံ ဝင်ရောက်ခိုလှုံပြီး စစ်ပညာများ သင်ကြားနေကြပြီဖြစ်သည်။
“ကျွန်တော်ကတော့ ကရင်ဘက်က အဖွဲ့တွေနဲ့ချိတ်ထားတယ်၊ စစ်တိုက်ရတော့မယ့် အခြေအနေမှာ အာဏာရှင် လက်အောက်ထဲတော့ မသွားဘူး။ တော်လှန်ရေးအဖွဲ့တွေဆီသွားပြီးပဲ သူတို့ကို ပြန်တိုက်မယ်” ဟု အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
လတ်တလော ပအိုဝ်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ပြည်သူများအနေဖြင့် သတိဝီရိယ ကြီးစွာ သွားလာကြရန်နှင့် အဖွဲ့အစည်း၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်လိုက်နာကြရန် PNLA မေတ္တာရပ်ခံထားသည်။
ဆီဆိုင်မြို့အား စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်း လက်နက်ကြီးများသုံးကာ တိုက်ခိုက်နေပြီး လက်ရှိ အချိန်တွင် ဆီဆိုင်မြို့ထဲ၌ စစ်ကောင်စီ၏ လက်နက်ခွံများ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ တွေ့ရှိရကြောင်း PNLA ထံမှ သိရသည်။