မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် ဧပြီလဆန်းပိုင်းမှစတင်၍ အပူချိန်များမြင့်တက်လာခြင်းကြောင့် တော်လှန်ရေးရဲဘော်များ ချွေးထွက်လွန်ခြင်း၊ အပူရှပ်ခြင်းများဖြစ်ပွားသဖြင့် စစ်ရေးလေ့ကျင့်မှုနှင့် နေထိုင်မှုပုံစံများကို အချိန်ပြောင်းလဲလုပ်ဆောင်လာကြောင်း ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။
“စစ်ရေးလေ့ကျင့်မှုတွေကို နားနားနေနေလုပ်လာရတာပေါ့။ အေးတဲ့အချိန်တွေ မနက်ပိုင်းတွေ၊ ညနေပိုင်းတွေမှာ ပိုလုပ်ဖြစ်တယ်၊ ဆေးဝါးတွေလည်း ဆောင်ထားရတာပေါ့”ဟု ၎င်းကဆိုသည်။
အညာဒေသတွင်လည်း ရာသီဥတုကြောင့် အပူရှပ်ခြင်းများ အဖြစ်များလာသဖြင့် တော်လှန်ရေးရဲဘော်များ ရေချိုးချိန်ကို သတ်မှတ်ပေးထားရကြောင်း ပခုက္ကူခရိုင်၊ အမှတ် ၄ တပ်ရင်း၏ တပ်ရင်းမှူး GZ ကပြောသည်။
“ပိုဆိုးတာက ကျွန်တော်တို့ အညာဘက်ကအရိပ်ကောင်းကောင်း သစ်ပင်တွေကရှားတယ်၊ အဲဒီတော့ထန်းလက်တွေပဲအားပြုနေရတယ်၊ အပူချိန်အရမ်းပြင်းလာရင်တော့ ပူလိုက်တာလို့ပဲ ပြောလို့ရတယ်၊ အခုထိတော့ ရဲဘော်တွေကျန်းမာရေး အရမ်းထိခိုက်တာတော့မရှိပါဘူး။ ရေချိုးချိန်တွေတော့ နေအေးတဲ့အချိန်မှာချိုးဖို့ သတ်မှတ်ပေးထားတာပေါ့၊ လိုအပ်နေတာတော့ ရဲဘော်တွေ အပြင်ထွက်ရင် ယူသွားဖို့ ဦးထုပ်၊ ဖိနပ်၊ ဓာတ်ဆားထုတ်တွေလိုအပ်နေတယ်”ဟု တပ်ရင်းမှူး GZ က ဆိုသည်။
မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းရှိမြို့နယ်များတွင် နေ့အပူချိန်များ ပိုမိုမြင့်တက်လာမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့က ပူလည်းပူတဲ့အတိုင်းပဲနေရမှာပဲ၊ ပြင်ဆင်စရာတွေတော့မရှိပါဘူး။ ဘာလို့လည်းဆို ကျွန်တော်တို့ အဲဒီဘက်မှာသုံးဖို့ ရန်ပုံငွေမရှိလို့ပါ၊ လက်နက်ခဲယမ်းပဲအဓိကထားစုနေရလို့ပါ၊ အပူရှပ်ပြီး ဖျားတဲ့ ရဲဘော်တွေတော့ရှိပါတယ်၊ ဆေးတပ်သားတွေကပဲ ပြုစုစောက်ရှောက်ပေးနေရတာပါ၊ မသက်သာရင်တော့ ဆေးခန်းတွေသွားပြရတယ်”ဟု မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက်၊ အမှတ် ၉ တပ်ရင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကဆိုသည်။
နေ့အပူချိန်များမြင့်တက်လာခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion)၊ အပူရှပ်ပြီး လေဖြတ်တာ (heat stroke)၊ ကြွက်တက်တာ (Heat crumps) များဖြစ်နိင်ကြောင်း CDM ဆရာဝန် ဒေါက်တာယုကီက ဆက်လက်ပြောသည်။
“မနက် ၁၀ နာရီကနေ ၅ နာရီအတွင်း ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ မလုပ်သင့်ဘူး။ ခရီးသွားရမယ်ဆိုရင် အရိပ်ထဲမှာ မကြာခနဝင်နားပါ၊ ထူထဲတဲ့အဝတ်အစားတွေ မဝတ်သင့်ပါဘူး။ အရိပ်ရပြီးလေဝင်၊ လေထွက်ကောင်းတဲ့နေရာတွေမှာနေသင့်ပါတယ်၊ ရှေ့တန်းသွားနေရတဲ့ရဲဘော်တွေဆိုရင်တော့ ဓာတ်ဆားထုတ်တွေ လုံလုံလောက်လောက်ဆောင်ထားသင့်ပါတယ်၊ အပူကြောင့် အပူရှပ်ပြီး သတိလစ်မူးမေ့လဲတာမျိုးရှိရင်တော့ ပထမဆုံးလှဲချထားပြီး ကျွမ်းကျင်သူတွေနဲ့ပြသပါ၊ သတိကောင်းစွာရရင်တော့ ဓာတ်ဆားထုတ်တိုက်ပါ သတိလစ်ရင်တော့ ဆေးတပ်သား၊ ဆေးမှုးကျွမ်းကျင်သူတွေနဲ့ပြပါ” ဟု CDM ဆရာဝန် ဒေါက်တာယုကီက တိုက်တွန်းထားသည်။
အပူချိန်မြင့်မားသည့်ဒဏ်ကို လူလတ်ပိုင်း အသက်ရွယ်များထက် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ ပိုမိုခံစားရနိုင်ပြီး အသက်ဆုံးရှုံးနိုင်ခြေရှိကြောင်း ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားကြသည်။



