မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု- ၂ အထိုင်ချ စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဧပြီ ၁ရက်၊ ညနေ ၄နာရီခန့်က မြိုင်မြို့နယ်၊ စက်မှု- ၂ အထိုင်ချ စစ်တပ် ကို RC Plane (မောင်းသူမဲ့လေယာဉ်ငယ်)ဖြင့် ဗုံးသီး ၄လုံးကြဲချခဲ့ကြောင်း Young Force UG အဖွဲ့က သတင်းထုတ်ပြန်သည်။
“ စက်ရုံပုံစံမျိုး ဧရိယာတစ်ခုမှာ အထိုင်တပ်စွဲထားတာပေါ့။ အတွင်းမှာရောရှိတယ်။ အပြင်မှာလည်း ကင်းပုန်းဝပ်တာတွေရှိတယ်။ စက်ရုံအတွင်းထဲကိုကျတယ်၊ ၂လုံးက။ စစ်သားတွေ ရှိတဲ့နေရာကို တည့်တည့်ကျတယ်။ စစ်သား အစစ် ၁ကောင်ပွဲချင်းပြီးသေတယ်” ဟု Young Force UG အဖွဲ့သတင်းပြန်ကြားတာဝန်ခံ ကိုပိန်ကပြောသည်။
သေဆုံး စစ်သားကို စက်မှု- ၂အနီးတွင် မြေမြှုပ်ပြီး ဒဏ်ရာရစစ်သားများကိုလည်း စက်မှု- ၂အတွင်း၌သာ ဆေးကုသနေကြောင်း မြိုင်ပကဖ အဖွဲ့ဝင်တစ်ဦးကပြောသည်။
“ သေဆုံးတဲ့သူကိုမသယ်ဘူး။ အဲ့နားပတ်ဝန်းကျင်မှာပဲ မြှုပ်တာ။ ဒဏ်ရာရတဲ့သူတွေကို စက်မှု- ၂အတွင်းထဲမှာပဲ ကုတာ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Young Force UG ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း(၁)၊ D.M.G ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Thu Rain TR(ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။