မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ -၂၅၈ မှ ထွက်လာသည့် စစ်သားတင်ကားကို PDF တို့ ပစ်ခတ်ခဲ့ရာ စစ်သား ၃ဦးသေဆုံးကြောင်း သိရသည်။
ယနေ့ (ဧပြီ ၂ရက်) နေ့ခင်း ၁၁နာရီခွဲခန့်က ရေစကြိုမြိုနယ် ခလရ-၂၅၈မှ ထွက်လာသည့် စစ်သား ၇ဦးခန့်ပါသော အိမ်စီးကားကို PDF တပ်ဖွဲ့က မြို့အဝင်တွင် စီးနင်းပစ်ခတ်ခဲ့ရာ ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရှိကာ သေနတ် ၂လက်နက်နှင့် စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ တပ်ထဲကနေ ရေစကြိုမြိုထဲကိုသွားတာ။ ရုံးပေါင်းစုံထဲသွားမှာ။ ကားပေါ်တင် ပွဲချင်းပြီးတဲ့ ၃ကောင်ရှိတယ်။ ဒဏ်ရာရတဲ့ကောင်တွေကတော့ ပြန်ပစ်တယ်” ဟု ရေစကြိုမြို့နယ်ပကဖ သတင်းပြန်ကြားတာဝန်ခံကပြောသည်။
တိုက်ခိုက်ခဲ့သည့်နေရာသည် ရေစကြို မြို့မရဲစခန်းနှင့် မီတာ ၁၀၀ဝန်းကျင်သာ ဝေးသဖြင့် ကားကို မီးမရှို့နိုင်ခဲ့ဘဲ လက်နက်များသာ ကောက်ယူခဲ့ရကြောင်း၊ ဒဏ်ရာရစစ်သား ၂ဦးနှင့် ကျန် ၂ဦးမှာ ရဲစခန်းဘက်သို့ ထွက်ပြေးသွားကြောင်း တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
“ ရန်သူ့လက်နက်ကိုပဲ ရအောင်ကောက်တယ်။ ကောက်ပြီးတော့ ကားကို မီးရှို့ဖို့တော့လုပ်တယ်။ လွယ်လွယ်ကူကူ ရှို့နိုင်တဲ့ အခြေအနေမဟုတ်တော့ ကားကို ဒီအတိုင်းပဲ ထားပစ်ခဲ့ရတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီး တွင် MA 2 သေနတ် ၁လက်၊ MA 1 ၁လက်၊ ၄၀(မမ) ဗုံးသီး ၃လုံးနှင့် ၅.၅၆ကျည် အတောင့် ၁၆၀တို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖနှင့် ပခုက္ကူခရိုင်တပ်ရင်း- ၉တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။