ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့တို့တွင် တိုက်ပွဲ ပြင်းထန်နိုင်သည်ဟုဆိုကာ စစ်ကောင်စီတပ် နှင့် နီးစပ်သူများ တိမ်းရှောင်သွားကြကြောင်း သိရသည်။
ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့အတွင်းရှိ စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို အမြန်ဆုံး နေရာရွှေ့ပြောင်းရန် ဧပြီ ၁ရက်တွင် ဖယ်ခုံမြို့၊အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် က ညွှန်ကြားခြင်းဖြစ်ကြောင်း ဖယ်ခုံအခြေစိုက် တပ်တွင်းသတင်းရင်းမြစ်ထံက ပြောသည်။
“ အခုညွှန်ကြားထားတာက မိုးဗြဲနဲ့ ဖယ်ခုံကို စစ်တပ်က အလုံးစုံတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ် ပေါ့။မြေပြင်ရော ဝေဟင်ရော တိုက်ခိုက်မယ့် အနေအထားပေါ့။အဲ့ဒါကြောင့် စစ်တပ်ထဲက မိုးဗြဲနဲ့ ဖယ်ခုံမှာ ရွှေ့ပြောင်းနေတဲ့ မိသားစုတွေကို ရွှေ့ခိုင်းလာတာပါ” ဟု ၎င်းက ပြောသည်။
ယင်းသို့ သတင်းဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး မိုးဗြဲအခြေစိုက် ၁၀၀၇တပ်ရင်း၊မိုးဗြဲPDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံ မေးမြန်းရာ စစ်ရေးအခြေအနေမှာ လတ်တလော ထူးခြားမှုမရှိသေးကြောင်း ပြောသည်။
“ စစ်ရေးအခြေအနေထူးခြားတာနဲ့ ကျွန်တော်တို့ ပြည်သူကို အတိအကျထုတ်ပြန်ပါ့မယ်။အခုတော့ စစ်ရေးအခြေအနေက ပြောလို့မရသေးတဲ့ အခြေအနေမို့ပါ” ဟု ၎င်းက ပြောသည်။
ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သလို ဒရုန်းဗုံးများဖြင့်လည်း တိုက်ခိုက်လျက်ရှိကြောင်း မိုးဗြဲမြို့နေပြည်သူတစ်ဦးက ပြောသည်။
“ အခုက သူတို့ဘက်က စစ်ကြောင်းထိုးတာမျိုး သိပ်မတွေ့ရဘူး။ဒီနှစ် ဇန်ဝါရီလ ၁၉ရက်နေ့ကနေ ဖေဖော်ဝါရီလလယ်အထိတော့ တိုက်ပွဲတွေရှိတယ်။မတ်လနဲ့ ဒီလ အစမှာတော့ တိုက်ပွဲထက် လက်နက်ကြီးနဲ့ ပစ်တာတို့၊ဒရုန်းဗုံးနဲ့ ပစ်တာတို့ကို ပိုတွေ့ရတယ်။မတ်လကုန်ခါနီးမှာတော့ စစ်တပ်ဘက်ကဒရုန်းနဲ့ ဗုံးကြဲတာမျိုးတွေတွေ့လာရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဖယ်ခုံမြို့နယ်အတွင်း အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်သည့်အပြင် ခမရ-၃၃၆ နှင့် ခမရ-၄၂၁ တပ်ရင်းတို့လည်း တပ်စွဲထားကြောင်း MPAက စုံစမ်းသိရသည်။
ဖယ်ခုံနှင့်မိုးဗြဲမြို့ပေါ်တို့တွင် ဒေသခံအချို့ နေထိုင်လျက်ရှိကြောင်း သိရသည်။