မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်တပ်အထိုင်ချစခန်း တစ်ခုကို ဒေသခံPDF များက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ယနေ့ (ဧပြီ ၁ရက်) နံနက် ၅နာရီဝန်းကျင်က မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာအနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် တပ်စွဲထားသော စစ်အုပ်စုဝင် ၂၅ဦးဝန်းကျင်ရှိ တပ်စခန်းကို PDFတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားများ စခန့်စွန့်ခွာ ထွက်ပြေးသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Anyar Fedral Task Force အဖွဲ့ထံကသိရသည်။
” ရွာအနောက်ဖျားမှာ စခန်းချပြီးနေတာဗျ။ကျနော်တို့ဝင်ပစ်တော့ သူတို့သုံး၊လေးချက်ပြန်ပစ်ပြီး ထွက်ပြေးကြတယ်။ ရွာရဲ့ အရှေ့ပိုင်းဘက်ကို ထွက်ပြေးတာ။ စခန်းကိုတော့ မီးရှို့ခဲ့တယ်” ဟု Anyar Fedral Task Force အဖွဲ့၊ သတင်းနှင့်ပြန်ကြား တာဝန်ခံ ကိုလီယိုကပြောသည်။
၁၀မိနစ်ခန့်ကြာ တိုက်ခိုက်ပြီးနောက် မြင်းခြံမြို့ပေါ်မှ စစ်ကူလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ ကြောင်း တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောသည်။
” အချိန်မရတာနဲ့ လိုက်မပစ်ခဲ့ဘဲ ပြန်ဆုတ်ခဲ့တာ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ပျူစောထီး ၁ဦးသေဆုံးပြီး ကိုးလုံးကျည်သုံးသေနတ် ၁လက်၊ကိုးလုံးကျည် ၇၆ တောင့်၊ကျည်ကာတစ်ခု၊ ဂစ်တာ ၁လက် ၊ ဖုန်း ၂လုံး၊ နာရီတစ်လုံး၊ လေးခွတစ်လက်၊ ဂျင်ကလိ ၁၀ ချောင်းနှင့် ချိန်းကြိုး ၁ ချောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းကပြောသည်။
” သွေးကွက်တွေတွေ့တယ်။ အထိအခိုက် ကတော့ စုံစမ်းနေဆဲပါ” ဟု ၎င်းကဆက်လက်ပြောသည်။
တိုက်ခိုက်မှုပြီးနောက် မြင်းခြံမြို့ပေါ်မှ ရောက်ရှိလာသော စစ်ကူများသည် ကျောက်ကုန်းရွာထဲတွင် ပတ်သွားနေပြီး ညဘက်၌ ဧည့်စာရင်းစစ်မည်ဟု ကြားသိရကြောင်း ကိုလီယိုကပြောသည်။
ယင်းတိုက်ခိုက်မှုကို Federal Task Force(AFTF)၊မိုရှေဒါယန်ပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံ ခရိုင် တပ်ရင်းအမှတ် (၃)၊မြင်းခြံခရိုင်တပ်ရင်းအမှတ် (၈)၊အမေ့လက်ရုံး ပြောက်ကျားတပ်ဖွဲ့နှင့် Justice Warriors Force တို့ ပူပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ပျူစောထီးတစ်ဦး သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။