ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ပန်ကူစစ်ရှောင်စခန်းတွင် မတ်လ ၃၁ ရက်၊ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများခံမှ သိရပါသည်။
“ပန်ကူမှာ ရှောင်လာတာ ၉ နှစ်ရှိပြီ၊ တိုက်ပွဲဖြစ်လို့ ရှောင်ကြတယ်။ အခုက တိုက်ပွဲငြိမ်တာမကြာသေးဘူး။ ပြန်ရောက်တာ ၂ လလောက်ပဲရှိသေးတယ်၊ ကပ်ဘေးတစ်ခု ကြုံရပြန်ပြီ”ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၇ လုံးမှာ လုံးဝပြိုပျက်သွားခဲ့ပြီး အခြားလူနေအိမ် ၅ လုံးမှာလည်းပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ရန် အကူအညီများလိုအပ်နေကြောင်း ၎င်းကရှင်းပြသည်။
“ကျွန်မတို့အိမ်က လုံးဝကိုနေလို့မရတော့ဘူး။ အခုယာယီတဲထိုးဖို့လည်း ငွေမရှိဘူး။ မိုးကာတွေကလည်း ဈေးကြီးတယ်။ ဘာကိုမှအဆင်မပြေဘူး”ဟု အိမ်ပျက်စီးသွားသည့် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါစစ်ရှောင်စခန်းတွင် နေထိုင်ကြသူများမှာ တိုက်ပွဲများကြောင့် ၂၀၁၅ ခုနှစ်ကတည်းက လာရောက်တိမ်းရှောင်နေကြသူများဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းကလည်း ထပ်မံတိမ်းရှောင်ရသေးကြောင်း ၎င်းကဆက်လက်ပြောသည်။
ပြီးခဲ့သည့်နှစ်များကလဲ ကွတ်ခိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။





